ကျော်သူဌေး | DMG
ဇူလိုင် ၁၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရောင်စုံကျေးရွာတွင် တရုတ်ပြည်မှပြန်လာပြီး Quarantine ဝင်နေသူ တစ်ဦး ဇူလိုင် ၁၄ ရက်နေ့ နေ့လည် ၁၂ ကျော်အချိန်ခန့်က အပေါက်ဝတိုက်နယ်ဆေးရုံတွင် သေဆုံးသွား ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသူမှာ ဇွန်လ ၃၀ ရက်နေ့က တရုတ်ပြည်၊ ရခိုင်ပြည်သို့ ကားဖြင့်ပြန်လာသူဖြစ်ပြီး ရောင်စုံကျေးရွာသို့ ဇူလိုင်လ ၂ ရက်နေ့တွင်ရောက်ရှိကာ စာသင်ကျောင်းတွင် Quarantine ဝင်နေသူ ဖြစ်ကြောင်း ဒေသခံများကဆိုကြသည်။

ထိုသို့ Quarantine ဝင်နေစဉ် ဇူလိုင်လ ၁၄ ရက်နေ့ နံက် ၃ နာရီအချိန်မှ စ၍ဖျားနာပြီး သတိမေ့သွားသဖြင့် အပေါက်ဝဆေးရုံသို့ ရောက်လာခြင်းဖြစ်ကြောင်း၊ ၄င်းမှာသွေးတိုးရောဂါအခံရှိပြီး လေဖြန်းရောဂါ၊ အဆုတ်ရောင်ရောဂါ စသည့်ရောဂါလက္ခဏာများဖြင့် သေဆုံးသွားရခြင်းဟု ကောက်ချက်ချထားကြောင်း ကျောက်တော် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက ပြောသည်။

“လောလောဆယ်တော့ သူကအဆုတ်ရောင်ပြီးသေသွားတယ်လို့ ကျွန်တော်တို့ ကောက်ချက် ချထားတယ်။ တရုတ်ပြည်မှာကတည်းက သူကဘယ်ဖက်ခြမ်းတစ်ဖက် လေဖြန်းထားတယ်”ဟု မြို့နယ်ဆရာဝန်ကြီးက ရှင်းပြသည်

လက်ရှိအချိန်၌ သေဆုံးသူ၏ တို့ပတ်နမူနာများကိုရယူကာ ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲဌာနသို့ ပေးပို့ ထားကြောင်း ဒေါက်တာသန်းထွန်းဦးထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာ ၁၄ ဦးရှိရာ မောင်တောခရိုင်ဆေးရုံမှ ၃ ဦး၊ ဘူးသီးတောင်မြို့နယ်ဆေးရုံမှ ၂ ဦး၊ သံတွဲခရိုင်ဆေးရုံမှ ၁ ဦး၊ တောင်ကုတ်မြို့နယ်ဆေးရုံမှ ၁ ဦးနှင့် စစ်တွေဆေးရုံကြီးမှ ၁ ဦး စုစုပေါင်း ၈ ဦးတို့မှာ ရောဂါကောင်းမွန်လာ၍ ဆေးရုံမှဆင်ခွင့်ပြုလိုက်ပြီး မောင်တောခရိုင်ဆေးရုံနှင့် ဘူးသီးတောင်မြို့နယ်ဆေးရုံတို့တွင် စုစုပေါင်း ၆ ဦးတို့မှာ ဆေးကုသမှု ခံယူလျှက်ရှိကြသည်။

မြန်မာနိုင်ငံတွင် Covid-19 ပိုးတွေ့လူနာ ၃၃၇ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာ ၆၄၀၀ ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ ၁၅ ရက် ညနေ ၃ နာရီထုတ်ပြန်ချက်အရ သိရသည်။

Author: Admin