
နှင်းနွယ် | DMG
ဧပြီ ၃ ၊ ကျောက်တော်
ရခိုင်ပြည်နယ် ၊ကျောက်တော်မြို့အနီး ယနေ့ ဧပြီလ ၃ရက်၊ ညနေ(၄)နာရီခွဲခန့်က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်နေသည့်အသံများ ထွက်ပေါ်လာသည့်အတွက် ဒေသခံများမှာ စိုးရိမ်ကြောက်လန့် နေကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများထံမှ သိရသည်။
ပစ်ခတ်မှုမှာ (၅)မိနစ်ခန့်သာ ကြာမြင့်ခဲ့သော်လည်း ဒေသခံများမှာ အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ် နေကြသည်ဟု ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ကပြောသည်။
“လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေတော့ ကြားရတယ်။ ဘယ်ဖက်က ပစ်တယ်ဆိုတာတော့ မပြောတတ်ဘူး။ ဈေးဆိုင်တွေကိုလည်း တစ်ရက်လုံးပိတ်ထားရတယ်။ တပ်မတော်စစ်ကြောင်းကလည်း မြို့ထဲမှာရှိနေတော့ ဒေသခံတွေလည်း စိုးရိမ်ထိတ်လန့်နေကြတယ်။ မြို့ကတော့ အရင်လို စည်စည်ကားကား မရှိတော့ဘူး” ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ အများပြည်သူများ နေထိုင်နေသည့် နေရာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏အသက်အန္တရာယ်ကို စိုးရိမ်နေရသည့်အပြင် စီးပွားရေးပိုင်းတွင်လည်း ထိခိုက်လာနေကြောင်း ကျောက်တော်မြို့ ဒေသခံ ကိုကျော်လှမြင့်က ပြောသည်။
“ဒေသခံတွေက ကျီးလန့်စာစားနေရသလိုဘဲ။ အမြဲစိုးရိမ်ထိတ်လန့် နေကြရတယ်။ အရင်ကလူတွေ စည်တဲ့နေရာတွေမှာတောင် လူမရှိကြတော့ဘူး။ ဈေးတွေကိုတောင် ပိတ်ထားရတယ်။ တစ်နေရာကနေ တစ်ခြားတစ်နေရာကို သွားတာတောင် အကြောက်တရားစိုးမိုးပြီးတော့ သွားနေရတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရောင်းဝယ်ဖောက်ကားတာတွေကလည်း အရင်လို မရှိသလောက် နည်းပါးသွားတယ်။ အခုဆိုရင် ပစ်ခတ်သံတွေကြောင့် ကျောက်တော်မြို့က ခြောက်သွေ့နေပြီ ”ဟု၎င်းကပြောသည်။
ကျောက်တော်မြို့ပေါ်တွင်ပြီးခဲ့သည့်ဧပြီလ (၁)ရက်နေ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု များဖြစ်ပွားခဲ့မှုကြောင့် အရပ်သား(၅)ဦးသေဆုံးကာ(၈)ဦး ဒဏ်ရာရရှိခဲ့ပြီး မြို့ပေါ်၌တည်ရှိသည့် ရွှေကျောင်း ဘုန်းတော်ကြီးကျောင်းမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။




