ခင်သရဖီဦး | DMG
မေ ၂၆ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဒေါင်းတော်ယိုးကျေးရွာမှ ရွာသားတစ်ဦးမှာ မေလ ၂၃ ရက်နေ့က ဟင်းရှာသွားစဉ် ပျောက်ဆုံးခဲ့ပြီး ယနေ့မေလ ၂၆ ရက်နေ့အထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်များက ပြောသည်။
 
ဒေါင်းတော်ယိုးကျေးရွာမှ ဦးစောဝင်းမောင် ၅၄ နှစ်သည် ရွာအရှေ့ဘက်ရှိ မြိုသင်္ချိုင်းသို့ ဟင်းသွားခူးစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက DMG ကို ပြောသည်။
 
“မြို့သင်္ချိုင်းဘက်ကို ဟင်းသွားခူးမယ်လို့ပြောသွားတယ်။ ပြီးတော့ ပြန်မလာတော့ဘူး။ သူက ဟင်းရောင်းပြီး မိသားစုဝင်တွေကို လုပ်ကျွေးနေတာပါ။ အဲဒီနေ့က ၃၇၆ တပ်ရင်းမှ ပစ်ခတ်သံတွေကြားလိုက်တယ်လို့လည်း ပြောကြပါတယ်။ ကျမတို့က တိတိကျကျ မသိရသေးပါဘူး”ဟု ဦးစောဝင်းမောင်၏ အစ်မ ဒေါ်ခိုင်နုက ပြောသည်။
 
ပျောက်ဆုံးနေသူအား ရှာဖွေရန်အတွက် မေလ ၂၄ ရက်နေ့က ၃၇၆ တပ်ရင်းသို့ သွားရောက်တိုင်ကြားခဲ့ သော်လည်း တပ်ရင်းမှ ကိုက် ၅၀၀ ဧရိယာအတွင်းသို့ ဝင်ရောက်ခြင်းမပြုနိုင်ကြောင်းပြောသဖြင့် မရှာဖွေ ခဲ့ရကြောင်း အမည်မဖော်လိုသည့် ဒေါင်းတော်ယိုးကျေးရွာသားတစ်ဦးက ပြောသည်။
 
“ကျနော်တို့က ၃၇၆ တပ်ကို သွားတိုင်ပြီးတော့ အဲဒီအနီးတဝိုက်ကို ရှာဖို့လုပ်ပေမဲ့ သူတို့ပေးမဝင်ဘူး။ ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် သူတို့ဧရိယာကိုဝင်ရင် ပစ်သတ်မယ်လို့ပြောတယ်” ဟု ၎င်းကဆိုသည်။
 
ဒေါင်းတော်ယိုးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းများ မရှိခဲ့ဘဲ ယခုဖြစ်စဉ်မှာလည်း ပထမဆုံးဖြစ်ကြောင်း ဒေါင်းတော်ယိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဟန်နုက ပြောသည်။
 
“ကျနော်တို့ရွာမှာတော့ အဲဒီလိုဖြစ်စဉ်မျိုး မရှိပါဘူး။ အခုက ကျနော်တို့ကတော့ သူတို့သွားနေကျနေရာတွေကို ရှာဖွေနေကြပါတယ်” ဟု မောင်ဟန်နုက ပြောသည်။
 
လက်ရှိမှာ ပျောက်ဆုံးလျက်ရှိနေသည့် ဦးစောဝင်းမောင်အား ၎င်းသွားတတ်သည့်နေရာများတွင် လိုက်လံရှာဖွေ လျက်ရှိကာ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးအားလည်း လူပျောက်ဆုံးမှုအား အကြောင်းကြား ထားကြောင်း သိရသည်။

Author: ခင်သရဖီဦး