
အောင်ထိန်|DMG
ဇူလိုင် ၁၈၊ စစ်တွေ
ကျောက်တော်မြို့နယ်၊ငပျောချောင်းကျေးရွာမှ အမျိုးသမီး တစ်ဦး ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့၊နေ့လည်က မိုင်းထိသွား၍ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
ဒေါ်ခိုင်စိုးရီသည် ကျေးရွာမှ တစ်မိုင်ခန့်သာဝေးကွာသည့် မိမိ၏ ယာခင်းသို့ ဟင်းရှာရန် သွားရောက်စဉ် မြေမြုပ်မိုင်းထိမှန်သွားခြင်းဖြစ်ပြီး ခြေထောက်နှင့်လက်တို့တွင် ဒဏ်ရာရရှိသွားသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ငပျောချောင်းကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ အစောပိုင်းကပင် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး ယင်းဒေသသည် ဒေသခံများမှာ မိုင်းထိမှန်မှုကြောင့် ဒဏ်ရာ ရရှိခဲ့ သူလည်းရှိခဲ့သည်။
“ဒီလို (မိုင်းထိမှု)ဖြစ်ခဲ့တဲ့အတွက် တောင်ယာကို မှီခိုလို့ လုပ်စားနေတဲ့ ကျွန်မတို့အတွက် စိုးရိမ်စိတ်တွေရှိတယ် ”ဟု ငပျောချောင်းကျေးရွာမှ ဒေါ်လှနုက ပြောသည်။
တောတောင်များသို့ ဟင်းရှာ၊ထင်းခူးရန် သွားရောက်သည့် ဒေသခံများအနေဖြင့် မကြာခဏ မိုင်းထိမှန်၍ ဒဏ်ရာရရှိမှုများ၊သေဆုံးမှုများရှိနေသည်။ထို့အပြင် တောတောင်များတွင် တွေ့ရှိသည့် ကျည်ဆန်များ ပေါက်ကွဲ၍လည်း သေဆုံးမှုများရှိနေသည်။




