
မြတ်ဆွေ | DMG
ဇန်နဝါရီ ၂၁ ၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ သေလာဂီရိမောရပ္ပတ္တတောင်ပေါ်တွင် နေထိုင်ကျက်စားနေသည့် မျောက်များမှာ အစားအစာရရှိရေးအတွက် ဘုရားဖူးခရီးသည်များ လာရောက်မည်ကို စောင့်မျှော်နေကြသည်။
ကျောက်တော်တောင်ဘုရားသို့ ဘုရားဖူးခရီးသွားများ လာရောက်ခဲ့စဉ်က မျောက်များ အစားအစာ ဝဝလင်လင် စားခဲ့ရသော်လည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဘုရားဖူးခရီးသွားများ တောင်ပေါ်သို့ လာရောက်မှုမရှိချိန်တွင် မျောက်များမှာ အစာရေစာငတ်ပြတ်ခဲ့ကြရကြောင်း ဘုရားဂေါပက အဖွဲ့က ပြောသည်။
ယင်းကြောင့် မျောက်များမှာ အစားအစာရရှိရေးအတွက် တောင်အောက်သို့ဆင်းကာ ဂစ္ဆပနဒီတံတားပေါ်မှ နေ၍ လမ်းသွားလမ်းလာများထံမှ အစားအသောက်များ တောင်းခဲ့ကြကြောင်းလည်း ဆိုသည်။
“အသီးအနှံတွေကိုရှာစားတယ်။ ငတ်တယ်မွတ်တယ်ဆိုတော့ မြက်မြစ်ကလေးတွေကို ရှာစားတယ်။ အဲဒီလိုပဲ မစားရတဲ့အချိန်မှာလည်း မစားရဘူး။ စားရတဲအချိန်မှာလည်း စားရတယ်။ အဲဒီလို့ပဲ ရှာစားနေကြတာ။ နောက်ပြီးတော့တံတားပေါ်ကို သွားတယ်၊ တွေ့တဲ့လူတွေဆီက အစာတောင်းတယ်။ ကားတိုက်လို့လည်း သေဆုံးတာတွေရှိတယ်” ဟု ဘုရားဂေါပကအဖွဲ့ဝင် ဦးအောင်ထွန်းမြက ဆိုသည်။
ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် ခရီးသွားလာမှုများကို ပိတ်ပင်ထားသည့် အချိန်တွင်လည်း မျောက်များမှာ အစားအသောက်ရရှိရန် အခက်အခဲရှိခဲ့ကြသည်။
အဆိုပါမျောက်များမှာ ဘုရားဖူးခရီးသည်များကိုမှီခိုကာ စားသောက်နေရသည့်အတွက် ဘုရားဖူး ခရီးသည်များ မရောက်ချိန်တွင် အစာငတ်ကြရကြောင်း ကျောက်တောင်တောင်၌ မျောက်အစာများ ရောင်းချနေသည့် ဒေါ်သိန်းရီက ဆိုသည်။
“မျောက်တွေက အစာတော့မစားရဘူး။ မျောက်စာတွေရောင်းလို့ရှိရင် လုတယ်။ အိမ်မှာရှိတဲ့ ထမင်းတွေရော ဆန်တွေရော အကုန်လုံးစားတယ်။ ဘယ်သူမှမလာကြတော့ အစာကငတ်တယ်၊ မစားရဘူး” ဟု ဒေါ်သိန်းရီက ပြောသည်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများမရှိသဖြင့် ကျောက်တော်တောင်ပေါ်သို့ ဘုရားဖူး ခရီးသည် အနည်းငယ်လာရောက်သည့်အခါ မျောက်များ အစားအစာ အနည်းငယ်ရရှိကြသည်။
ကျောက်တော်တောင်ပေါ်တွင် မျောက်အကောင်ရေတစ်ထောင်ခန့် နေထိုင်ကျက်စားလျက်ရှိသည်ဟု ဒေသခံများက ပြောဆိုကြသည်။




