နှင်းနွယ် | DMG
သြဂုတ် ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ အားကစားခန်းမ(ဘောလုံးကွင်း)၌ အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရသည့် လူဦးရေတစ်ရာကျော်မှာ နေထိုင်ရေးနှင့် စားသောက်ရေးများတွင် အခက်အခဲများရှိနေကြောင်း Quarantine ဝင်နေသူများထံမှ သိရသည်။

လက်ရှိ Quarantine ဝင်နေရသူများမှာ စစ်တွေမှ ကျောက်တော်သို့ပြန်လာသူများ၊ ကျောက်တော်မြို့မှ မြောက်ဦးသို့ပြန်လာသူများ၊ ပလက်ဝမြို့နယ်မှခရီးသည်များနှင့် ကားသမားများပါဝင်သည်။

ကျောက်တော်မြို့ လူမှုအဖွဲ့အစည်းများကဦးဆောင်ကာ ရောဂါပိုးကာကွယ်ရေးအတွက် လမ်းခရီး၌သွားလာ နေသည့် ခရီးသည်ကားများအား သြဂုတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းကတည်းက Quarantine (၂၁)ရက် နေခိုင်းခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ်၊ အလယ်ချောင်းကျေးရွာမှ ဦးအောင်ကျော်သန်းက DMG သို့ ပြောသည်။

“သူတို့က ရောဂါပိုးမကူးစက်အောင် ကြိုတင်ကာကွယ်ဖို့အတွက် ဝင်ရမယ်ဆိုပြီးပြောတယ်။ ဒီမှာက ကိုယ့်စရိတ်နဲ့ကိုယ် စားရမယ်ဆိုပြီးပြောထားတော့ စားသောက်ရေးပိုင်းက အဆင်မပြေဘူး။ မြို့ထဲမှာဆွေမျိုး ရှိတဲ့သူတွေကတော့ ထမင်းလာပို့တဲ့သူရှိတာကြောင့် ထမင်းစားရတယ်။ ကျွန်တော်အပါအဝင် တခြားနယ်က ဆွေမျိုးမရှိတဲ့သူတွေကတော့ မစားရဘူး။ ပိုက်ဆံရှိရင်တောင်မှ သွားဝယ်လို့မရတဲ့အတွက် မစားရဘူး” ဟု ၄င်းကဆိုသည်။

လက်ရှိတွင် Quarantine ဝင်နေရသူများထဲ၌ အမျိုးသမီးအများစုပါဝင်ပြီး ၄င်းတို့မှာ အမျိုးသားများနှင့်အတူ ရောနှောနေထိုင်နေရသဖြင့် နေထိုင်ရေးနှင့် အမျိုးသမီးကျန်းမာရေးကဏ္ဍများတွင်လည်း အခက်အခဲများ ရှိကြောင်း ကျောက်တော်မြို့နယ်မှ Quarantine ဝင်နေရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“သမံတလင်းမှာ ဘာအခင်းမှမရှိဘဲအိပ်ရတယ်။ ခြင်ထောင်လည်းမရှိဘူး။ ရေချိုးရင်လည်း ယောကျာ်းတွေ အိပ်ယာကမနိုးခင် မနက် ၄ နာရီက ထချိုးရတယ်။ ဒါမှမဟုတ် ယောက်ျားတွေအိပ်တဲ့အချိန် နေမှောင်မှ ချိုးရတယ်။ တစ်ယောက်တစ်လေဆိုရင် ရေတောင်မချိုးဘဲနေရတယ်။ ခရီးကပြန်လာတာဆိုတော့ အမျိုးသမီး ကျန်းမာရေးပစ္စည်းကလည်း ဘာမှမပါလာတော့ အစစအရာရာ အရမ်းအခက်အခဲဖြစ်နေတယ်’’ ဟု ၎င်းက ပြောသည်။

လက်ရှိတွင် Quarantine ဝင်နေသူများမှာ မြို့ပေါ်၌ဆွေမျိုးရှိသူများမှ လာပို့ပေးသည့်ထမင်းများကိုသာ ဝေမျှကာစားသောက်နေရကြောင်း Quarantine ဝင်နေသူများကပြောသည်။

အဆိုပါကိစ္စအား မည်သို့စီစဉ်ဆောင်ရွက်သွားမည်ကို ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်ထိ ရခိုင်ပြည်နယ်တွင် covid-19 ပိုးတွေ့လူနာ စုစုပေါင်း ၅၃ ဦးအထိရှိလာပြီဖြစ်ကာ ထိုအထဲတွင် စစ်တွေ၊ မြောက်ဦးနှင့် သံတွဲမြို့နယ်တို့မှ ပါဝင်သည်။

ယခင်ပိုးတွေ့ရှိခဲ့ပြီး ရောဂါကင်းစင်၍ ဆေးရုံမှဆင်းသွားသူ ၁၆ ဦးရှိသဖြင့် ရခိုင်ပြည်နယ်တွင် covid-19 ပိုးတွေ့ရှိသူ စုစုပေါင်းမှာ ၆၉ ဦးရှိနေပြီဖြစ်သည်။

Author: Admin