
ခင်သရဖီဦး | DMG
ဧပြီ ၅ ၊ ကျောက်တော်
ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင် ၂၂၆၀ ကျော်အတွက် စားနပ်ရိက္ခာ များအပါအဝင် ရေနှင့် အခြားအသုံး အဆောင်ပစ္စည်းများ လိုအပ်နေသည်ဟု ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်ကပင် အဆိုပါစစ်ဘေးရှောင် စခန်းကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က လူဦးရေ ခုနစ်ဆယ်ကျော်သာရှိခဲ့သော်လည်း ပြီးခဲ့သည့် မတ်လမှစတင်ကာ စစ်ဘေးရှောင်များ ပိုမိုများပြားလာခဲ့သည့်အတွက် ရိက္ခာနှင့် သောက်သုံးရေများ အခက်ခဲဖြစ်ပွားနေရခြင်းဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်ကဆိုသည်။
“ကျနော်တို့ ရွာမှာ နှစ်စဉ်နှစ်တိုင်း လေးလပိုင်း ငါးလပိုင်းဆိုရင် ရေပြတ်လပ်တာရှိပါတယ်။ စစ်ဘေးရှောင်တွေမရှိကတည်းက ရေပြတ်လတ်မှုတွေရှိတယ်။ အခုက စစ်ဘေးရှောင်တွေများလာတော့ ရေက တော်တော်ကို အခက်ခဲဖြစ်နေပါတယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ လူမှုအဖွဲ့အစည်းများမှ ထောက်ပံ့ပေးမှုများရှိသော်လည်း လူဦးရေများသောကြောင့် စားဝတ်နေရေး ဖူလုံမှုမရှိကြောင်း စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင် ကပြောသည်။
“စားဝတ်နေရေးလည်း အခက်ခဲရှိပါတယ်။ အနီးနားကကျေးရွာတွေက ကူညီပေးတာရှိပေမယ့် လူဦးရေများတာကြောင့် မျှစားနေရတယ်။ လုံလောက်မှုမရှိဘူး” ဟု ၎င်းကပြောသည်။
၎င်းစစ်ဘေးရှောင်စခန်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် တင်းမကျေးရွာ၊ ပြိုင်တိုင်းကျေးရွာ၊ မျောက်တောင်ကျေးရွာနှင့် သာစည်ကျေးရွာအပါဝင် ကျေးရွာ ၁၄ရွာများမှ ဒေသခံများ စစ်ဘေးရှောင်ရန် လာရောက်နေကြခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ်တော် AAတို့၏တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သိန်း ငါးသောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း ရခိုင်မျိုးနွယ်စုများ အစည်းရုံး (REC)ထုတ်ပြန် ချက် အရသိရသည်။




