အောင်ထိန် | DMG
မတ် ၂၃ ၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် (၁၀၀၀) ကျော်မှာ စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စခန်းတာဝန်ရှိများထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာပေါင်း(၁၀)ရွာခန့်က ဒေသခံများမှာ ညောင်ချောင်းစစ်ဘေးရှောင်စခန်းသို့ လာရောက်ခိုလှုံနေကြသောကြောင့် ယခုကဲ့သို့ ရိက္ခာလိုအပ်နေခြင်းဟု စခန်းတာဝန်ခံ ဦးသန်းလှက ဆိုသည်။
စစ်ဘေးရှောင်များကို ယခင်က ရွာအနီးဒေသခံများနှင့် တခြားကူညီကယ်ဆယ်ရေး အဖွဲ့များကလည်း ထောက်ပံ့မှုများရှိခဲ့သည်။ သို့သော် လက်ရှိတွင် ကူညီထောက်ပံ့မှုများ နည်းပါးလာသဖြင့် စားနပ်ရိက္ခာများ လိုအပ်နေခြင်းဖြစ်သည်။
“လူတစ်ယောက်ကို တစ်ရက်မှာ နို့ဆီဘူးလေးဘူးကျနဲ့ သုံးရက်တာအတွက် ပေးထားတယ်။ နောက် ဆီ၊ဆား၊ ငရုတ် ဆီဆိုရင် အိမ်ထောင်စုလိုက်ပဲ ပေးမယ်။ တစ်အိမ်ထောင်ကို ဆီတစ်လီတာမှာ တစ်ဝက်ကျ ပေးထားတယ်။ အဲဒါလေးတွေနဲ့ ချွေတာစားသုံးနေရတယ်” ဟု ဦးသန်းလှပြောသည်။
ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ရွှေပြည်ကျေးရွာ၊ သာစည်၊ မာလာ၊ မျောက်တောင်၊ တင်းမကြီး၊ တင်း မငယ်ကျေးရွာ၊ ပြိုင်းတိုင်း၊ အောင်သာယာ၊ လောင်းရှည် စသည့်ကျေးရွာများမှ ဒေသခံများ ခိုလှုံနေကြခြင်း ဖြစ်သည်။
“ကျနော်တို့ အေးအေးချမ်းချမ်းဖြစ်သွားရင်လည်း ဘယ်လိုပြန်မှာလဲ။ ကျနော်တို့ ကျေးရွာသားတွေမှာ အိမ်လည်း မရှိတော့ဘူး။ အကုန်လုံး မီးရှို့ခံရလို့ အိမ်တွေက ပြာကျသွားပြီး။ ကျွဲ၊ နွားတွေလည်း အကုန်သေကုန်ပြီ။ ကျနော်တို့ ဘယ်လို လုပ်ကိုင်စားသောက်မှာလဲ” ဟု ပြိုင်းတိုင်းကျေးရွာမှ ဦးမောင်ပုက ပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် ယခင်က စစ်ဘေးရှောင်ဦးရေ (၇၀)ကျော်သာရှိပြီး မတ်လ ၁၅ ရက်နေ့မှ ၂၁ ရက် နေ့အတွင်း စစ်ဘေးရှောင် (၁၀၀၀)ကျော် တိုးလာခြင်းဖြစ်သည်။




