ခိုင်ရိုးလ | DMG
မတ်လ ၂၂၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်တစ်ဖက်ရှိ အင်ဘာရီ မွတ်ဆလင် ကျေးရွာနှင့် ဂုတ်ပီထောင့် မွတ်ဆလင်ကျေးရွာတို့တွင် ယနေ့ မတ်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကျည်ပေါက်ကွဲမှုကြောင့် လူ(၅) ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။
ယနေ့နံနက် ၁၀ နာရီခန့်က ဂုတ်ပီထောင့်မွတ်ဆလင်ကျေးရွာမှ ဦးအဒူလာမြင့်၏ အိမ်နောက်တွင် ကလေးများကစားနေကြစဉ် စစ်ကျန်လက်နက်ကျည်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၄ ဦးဒဏ်ရာရရှိသွားသည်ဟု ဒဏ်ရာရသူတစ်ဦး၏ ဆွေမျိုးဖြစ်သူ ဦးမီးမောင်က ပြောသည်။
“သူတို့အိမ်တွင်းထဲမှာ ကလေးတွေက ထိုင်ပြီးကစားနေတယ်။ အဲဒီမှာ လက်နက်ကျည်တစ်ခုက ပေါက်ကွဲတာ။ ပေါက်ကွဲရာက ကျည်စတွေလွှင့်စဉ်ပြီးတော့ တစ်ယောက်မှာ ဝမ်းဗိုက်၊ နောက်တစ်ယောက် လက်မောင်း၊ နောက်ထပ်တစ်ယောက်က ခြေသလုံး၊ နောက်တယောက်က ပါးစပ်တွေမှာ ထိမှန်သွားတာ” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က ကုလားတန်မြစ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့စဉ် ယင်းကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆံများ ကျရောက်မှုများရှိခဲ့သည်ဟု ဒေသခံများထံက သိရသည် ။ ယင်းလက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆံများ ပေါက်ကွဲခြင်းဟု ဒေသခံများက ယူဆနေကြသည်။
ယင်းဖြစ်စဉ်ကြောင့် အသက် ၁၈ နှစ်အရွယ် မမာမတ်ဆောင်းနှင်း၊ အသက် ၁၂ နှစ်အရွယ် မောင်ရောင်ဇန်၊ အသက် ၁၈ နှစ်အရွယ် မနိုရာဟိုက်ဂျတ်ရ ၊ အသက် ၅ နှစ်အရွယ် မာမောက်နောင်ယုန် တို့မှာ ဒဏ်ရာအသီးသီးရရှိသွားသည်။
အလားတူ ယနေ့နံနက် ၁၁ နာရီကျော်အချိန်ခန့်က အင်ဘာရီ မွတ်ဆလင်ကျေးရွာမှ ဦးအဒူလာဝါ ၏သား အသက် ၁၄ နှစ်အရွယ် မာမတ်ယာဆိမ်းမှာ ကျေးရွာအနီး ကုလားတန်မြစ်သို့ ကွန်ပစ်သွားရာတွင် လက်နက်ကျည်တစ်ခုကို ကောက်ရပြီး ကိုင်ကြည့်သည့်အခါ ပေါက်ကွဲမှုဖြစ်ပွား၍ ဒဏ်ရာရရှိသွားသည်ဟု အင်ဘာလာဒေသခံ ဦးမောင်အေးနုက ပြောသည်။
“သူနဲ့ သူ့ငယ်ချင်းတွေက မြစ်ကမ်းစပ်နားကို ကွန်ပစ်ဖို့သွားကြတယ်။ အဲဒီမှာ လက်နက်ကျည်တစ်ခုကို ကောက်ရလို့ကိုင်ကြည့်တယ်။ အဲဒီမှာပေါက်ကွဲမှုဖြစ်တယ်။ မေးရိုးမှာတစ်ခု၊ ပေါင်၊ ညာဘက်လက်က လက်ချောင်းတွေ အကုန်လုံးထိမှန်သွားတာ” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ဒဏ်ရာရသူ ၅ ဦးမှာ အပေါက်ဝတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ယင်းအထဲမှ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားသည့် နိုရာဟိုက်ဂျတ်ရကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ကုသရမည့် အခြေအနေရှိနေကြောင်း ဦးမီးမောင်က ပြောသည်။
ဆက်စပ်ဖတ်ရှုရန် -
- ကျောက်တော်တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် မွတ်ဆလင်ကလေးသုံးဦးဒဏ်ရာရ
- ကျည်ထိမှန်မှုကြောင့် အသက်(၇)နှစ်အရွယ် မွတ်ဆလင်မိန်းကလေးတစ်ဦး ဒဏ်ရာရ
- ရခိုင်မြောက်ပိုင်းတွင် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် မွတ်ဆလင်သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ




