(ဓာတ်ပုံ - Kyaw Hlamyint / Facebook)

အောင်ထိန် | DMG
ဒီဇင်ဘာ ၂၈၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ မဟာကံကြီးရှင်ဘုရားအနီးတွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသမီးတစ်ဦးပါအဝင် ဒေသခံ(၄) ဦး ကျည်ဆံထိမှန်ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သွားသူများမှာ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်က ဦးစိန်ကျော်ဝင်း(၅၃)နှစ်၊ ပြည်တော်သာရပ်ကွက်မှ ဦးအောင်ဝင်း(၄၃)နှစ်၊ ဒေါ်မသန်းဌေး(၃၁)နှစ် နှင့် ရှမ်းရွာရပ်ကွက်မှ ဦးအောင်ကြည်(၅၀) နှစ်တို့ဖြစ်သည်။

“ကံကြီးရှင်ဘုရားနားက ပေါက်သံကြားလိုက်တယ်။ အဲဒီချိန်မှာ ကျွန်မအိမ်ရှင်က အိမ်ရှေ့မှာ လူသုံးယောက်နဲ့ထိုင်နေကြတယ်။ ကျွန်မအိမ်ရှင်မှာ မျက်ခုံးမှာကျည်ဆံထိသွားတယ်။ ကျွန်မတို့နေတာနဲ့ ဖြစ်တဲ့နေရာနဲ့ နှစ်မိုင်လောက်ဝေးတယ်။ ဘယ်လို့မျိုးထိသွားလဲမသိဘူး” ဒဏ်ရာရရှိသူ ဦးကျော်စိန်ဝင်း၏ဇနီး ဒေါ်ဌေးဌေးဝင်းက ပြောသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု မဟာကံကြီးရှင်ဘုရားသိမ်ဝင်းအတွင်း တပ်စွဲလျက်ရှိနေပြီး မြို့ခံဒေသခံများကို စစ်ဆေးမှုတွေပြုကာ ယနေ့နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုသည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ဒေသခံများက ယူဆကြသော်လည်း တပ်မတော်နှင့် AA ကို DMG က ဆက်သွယ်၍မရခဲ့ပေ။

ကျောက်တော်မြို့ ဒေသခံ ဦးကျော်လှမြင့်က “အခုလိုမျိုး မြို့အနီးအနားမှာ မဖြစ်စေချင်ဘူး။ အပြစ်မဲ့ပြည်သူတွေ ထိခိုက်နစ်နာတယ်။ ဖြစ်တာက ဘုရားပုထိုးစေတီအနီးဆိုတော့ ဒေသခံတွေကလည်း ကြောက်လန့်နေကြတယ်” ဟု ပြောသည်။

ဒဏ်ရာရရှိသူများအနက် ဦးအောင်ဝင်းနှင့် ဦးစိန်ကျော်ဝင်းတို့မှာ ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံသို့ ဆေးကုသခံရန်ပို့ဆောင်ထားပြီး ကျန်နှစ်ဦးကို ကျောက်တော်မြို့ ဆေးရုံသို့ ပို့ဆောင်ထားသည်။

Author: Admin