မျိုးသီရိကျော် | DMG
စက်တင်ဘာ ၇ ၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ Covid-19 ပိုးတွေလူနာသုံးဦးမှာ ဆေးရုံသို့ မရောက်ရှိသေးကြောင်း မြို့နယ်ဆရာဝန်ထံမှ သိရသည်။
ကျောက်တော်မြို့နယ်တွင် Quarantine ဝင်နေသူ ၆၈ ဦးကို တို့ဖတ်နမူနာများ (Swab) ယူပြီး ဒေသမတည်ငြိမ်သည့်အတွက်ကြောင့် Home Quarantine နေထိုင်ရန် စက်တင်ဘာလ ၆ ရက်နေ့က မိမိနေရပ်သို့ပြန်စေခဲ့သည်ဟု မြို့နယ်ဆရာဝန် ဒေါက်တာသန်းထွန်းဦးက DMG သို့ ပြောသည်။
သို့သော် Swab ယူထားသူများထဲမှ ပိုးတွေ့လူနာ ၉ ဦးတွေ့ရှိလာသဖြင့် လိုက်လံခေါ်ဆောင်စဉ် မြို့ပေါ်မှ ၆ ဦးကိုသာ ဆေးရုံသို့ခေါ်ယူနိုင်ခဲ့ပြီး ကျန် ၃ ဦးမှာ နယ်မှဖြစ်သဖြင့် ဆေးရုံသို့ မရောက်ရှိသေးပေ။
“ပိုးတွေ့လူနာ ၃ ယောက်က ဆေးရုံကို မရောက်သေးပါဘူး။ သူတို့က မြို့ထက်ကမဟုတ်ဘူး၊ နယ်ကဖြစ်နေလို့ပါ။ ကျနော်တို့က သူတို့ရဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဆက်သွယ်ထားပါတယ်။ ပိုးတွေ့တဲ့သူတွေနဲ့တော့ အဆက်အသွယ်မရသေးဘူး” ဟု ဒေါက်တာသန်းထွန်းဦးက ဆိုသည်။
လက်ရှိတွင် ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများကို မိမိနေအိမ်တွင်နေထိုင်ကြရန်နှင့် ကျန်းမာရေးတစုံတစ်ရာထူးခြားပါက ချက်ချင်းအကြောင်းပြန်ကြားရန် မှာကြားထားသည်ဟုလည်း ဒေါက်တာသန်းထွန်းဦးက ဆက်ပြောသည်။
ကျောက်တော်မြို့ပေါ်မှ ပိုးတွေ့လူနာတစ်ဦးက ပိုးတွေ့လူနာများနှင့်ဆက်စပ်သူများနှင့် နေအိမ်များကို ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်ပေးစေလိုကြောင်း ပြောသည်။
“မနေ့ကမနက်ပိုင်း အကုန်လုံးအိမ်ပြန်လို့ရပြီလို့လည်း ပြောခဲ့တယ်။ Home Quarantine နေရမယ်ဆိုတာလည်း မပြောခဲ့တော့ ကျနော်တို့လည်း ရွာပတ်ပြီးသွားနေတော့တယ်လေ။ သူငယ်ချင်းတွေနဲ့လည်း စကားတွေပြောလို့ နေလိုက်ပြီ။ ညဖက်ကျမှ လာခေါ်တယ်ဆိုတော့ ကျနော်တို့ ဘယ်လိုမှန်းမသိဖြစ်သွားတယ်။ တချို့ဆိုရင် အိမ်က မိသားစုတွေ ငိုပြီးကျန်ခဲ့တယ် ”ဟု ပိုးတွေ့လူနာတစ်ဦးက ပြောသည်။
ယင်းအပြင် ပိုးတွေ့လူနာများနှင့်ဆက်စပ်ခဲ့သူများကို Quarantine စင်တာသို့ ဝင်ခိုင်းမည်ဆိုလျှင်လည်း ဒေသမတည်ငြိမ်မှုများရှိနေသည့်အတွက် လုံခြုံရေးကို အထူးကြပ်မတ်ပေးစေချင်ကြောင်းလည်း ၄င်းက တောင်းဆိုသည်။
စက်တင်ဘာလ ၁ ရက်နေ့ ညအချိန်က ကျောက်တော်မြို့၊ ကုလတန်မြစ်ကြောင်းမှ ပစ်ခတ်မှုများရှိခဲ့သည့်အတွက် ကျောက်တော်မြို့၌ Quarantine ဝင်နေသူများ ကြောက်လန့်ထွက်ပြေးကြသဖြင့် ပြန်လည်ခေါ်ယူခဲ့ရသည်။




