နှင်းနွယ် | DMG
စက်တင်ဘာ ၁၃ ၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဂုတ်ပီထောင့်ကျေးရွာအတွင်းသို့ ယနေ့(စက်တင်ဘာလ ၁၃ ရက်နေ့)၊ နံနက်ပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မွတ်ဆလင်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ကျောက်တော်ဘက်မှ ကုလားတန်မြစ်ကြောင်းအတိုင်းဆင်းလာသည့် တပ်မတော်နေဗီတစ်စီးမှ လက်နက်ကြီးများဖြင့်လှမ်းပစ်ခဲ့သဖြင့် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု ဂုတ်ပီထောင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်လှက DMG သို့ပြောသည်။
“နေဗီဆင်းလာပြီးတော့ ရွာတောက်လျှောက်ပစ်သွားတဲ့အချိန်မှာ မွတ်စလင်တွေနေတဲ့ဘက်ကို လက်နက်ကြီးက သွားကျတယ်။ သူတို့က ကိုယ့်အိမ်အောက်မှာကိုယ်ဆင်းပြီး ပုန်းနေကြတာလို့ပြောတယ်။ အဲဒီအချိန်မှာ လက်နက်ကြီးလာကျပြီးတော့ လူတွေကို ကျည်စတွေသွားထိတာ” ဟု ၄င်းကဆိုသည်။
လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိသူများမှာ မောင်မာမောက်ဆူတင် (၂၂ နှစ်) နှင့် မနော်ဟာဂျာရာ (၃၀ နှစ်) တို့ ဖြစ်ကြသည်။
၎င်းတို့နှစ်ဦးမှာ လက်နှင့်ခြေတို့၌ လက်နက်ကြီးကျည်စများ ထိမှန်သွားခဲ့ပြီး လက်ရှိတွင် ကျေးရွာရှိ သူနာပြုထံ၌ ဆေးကုသမှုခံယူနေရကြောင်း ဂုတ်ပီထောင့်(မွတ်စလင်)ကျေးရွာတာဝန်ခံ ဦးဘစိန်ကပြောသည်။
“လောလောဆယ် သူတို့နှစ်ယောက်ထဲက အမျိုးသားကတော့ ရွာကသူနာပြုနဲ့ကုလို့အဆင်ပြေတယ်။ ဒါပေမဲ့ အမျိုးသမီးရဲ့အခြေအနေက ဆေးရုံပို့ရမယ့်အလားအလာရှိတယ်။ သူနာပြုဆရာမကတော့ အပေါက်ဝဆေးရုံကိုသွားဖို့ ညွှန်နေတယ်။ ကျနော်တို့လည်း အခြေအနေအရစီစဉ်နေတယ်’’ ဟု ၄င်းကဆိုသည်။
ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကလည်း လက်နက်ကြီးကျ၍ ရွာသားနှစ်ဦး ဒဏ်ရာရရှိသွားသည်ကို အတည်ပြုပြောကြားသည်။
“လက်နက်ကြီးပစ်သံတွေကတော့ ကျနော်တို့ ကျောက်တော်မြို့ထက်ကတောင်ကြားရတယ်။ မနက် ၅ နာရီကျော်ထိတောင် ပစ်သံတွေကြားနေရတုန်းပဲ။ တိုက်ပွဲဖြစ်တာ၊ မဖြစ်တာကျတော့ ကျနော်တို့လည်း မသိသေးဘူး။ အဲဒီကဒေသခံတွေပဲသိမယ်” ဟု ဦးဦးထွန်းဝင်းကပြောသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့အား DMG က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။
ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ (၁)ရက်နေ့ကလည်း စစ်တွေမြို့နယ်ဘက်မှ ကျောက်တော်မြို့နယ်ဘက်သို့ ကုလားတန်မြစ်ကြောင်းအတိုင်းတက်လာသည့် တပ်မတော်နေဗီမှ မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် အရပ်သား(၈)ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။




