ကျောက်တော်မြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး  ၁ ဦးသေ  ၂ ဦးဒဏ်ရာရ

သေဆုံးသူ ကိုထွန်းအေးမြ အသက် ၄၃ နှစ်မှာ အပေါက်ဝကျေးရွာရှိ ရွာဦးဘုရားအနီး လယ်တဲ၌ နွားများကို အစာကျွေးနေသည့် အချိန်တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ လယ်တဲအနီးမှ ဖြတ်သန်းရာ ကိုထွန်းမြအေးကို ခေါ်ဆောင်သွားပြီး ပြိန်းချောင်းကျေးရွာဘက်သို့ သွားရာတွင် လမ်း၌ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ ဆွေမျိုးများကပြောသည်။

By ခိုင်ရိုးလ၊ ကျော်သူဌေး 17 Oct 2019

ခိုင်ရိုးလ၊ ကျော်သူဌေး|DMG

အောက်တိုဘာ ၁၇၊ ကျောက်တော်

ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာအနီး ယနေ့ နေ့လည် ၁ နာရီကျော်အချိန်ခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အပေါက်ဝကျေးရွာသား  ၁ ဦးသေဆုံးကာ ပြိန်းချောင်း ကျေးရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူ ကိုထွန်းအေးမြ အသက် ၄၃ နှစ်မှာ အပေါက်ဝကျေးရွာရှိ ရွာဦးဘုရားအနီး လယ်တဲ၌ နွားများကို အစာကျွေးနေသည့် အချိန်တွင် တပ်မတော်စစ်ကြောင်းတစ်ခုမှ လယ်တဲအနီးမှ ဖြတ်သန်းရာ ကိုထွန်းမြအေးကို ခေါ်ဆောင်သွားပြီး ပြိန်းချောင်းကျေးရွာဘက်သို့ သွားရာတွင် လမ်း၌ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ ဆွေမျိုးများကပြောသည်။

“အခုသူသေတာက ပေါက်ကွဲလို့သေတာလား၊ ပစ်သတ်လို့သေတာလားလဲမသိဘူး။ အခုက အလောင်းကိုတော့ပေးနေပြီ၊ သို့သော် နာရေးကားနဲ့ ကျောက်တော်ကိုယူသွားမယ်၊ အပေါက်ဝဆရာဝန်ကမရှိဘူူး။ နာရေးက အလောင်းတင်ကားကလဲ ရဲမပါရင်မလိုက်ဘူး။ ရဲကိုလည်း လုံးဝခေါ်လို့မရဖြစ်နေတယ်။ အခုကတော့ အလောင်းက အခင်းဖြစ်တဲ့နေရာမှာပဲရှိသေးတယ်။ အလောင်းကိုတော့ မကြည့်ခဲ့ရသေးဘူး”ဟု သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သည့် အမည်မဖေါ်လိုသူ တစ်ဦးကပြောသည်။

ယင်းအပြင် ပြိန်းချောင်းကျေးရွာမှ  ဒေသခံ ဦးထွန်းလှိုင် နှင့် ဒေါ်မြရီတို့နှစ်ဦးမှာလည်း ဒဏ်ရာအသီးသီးရရှိခဲ့ကြပြီး ဦးထွန်းလှိုင်တွင် ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်စောမြရီတွင် လည်ပင်းကျည်စထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဒေသခံများ၏ပြောဆိုချက်အရ တပ်မတော်စစ်ကြောင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ပြန်လည် ပစ်ခတ်မှုများပြုလုပ်စဉ် ကျေးရွာအတွင်းသို့ လက်နက်ကျည်များကျရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပြိန်းချောင်းကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသူများနေထိုင်သည့် အဆောင်၌လည်း လက်နက်ကျည်ကျရောက်သဖြင့် သွပ်မိုးများပေါက်ပြဲသွားသည်ဟု ပြိန်းချောင်းဘ/ကကျောင်းတိုက်ဆရာတော်က ပြောသည်။

“မိန်းကလေးတွေနေတဲ့အဆောင်မှာ ကျတယ်။ သွပ်တွေပေါက်သွားတယ်။ ကျောင်းသားတွေကတော့ရှိတယ်။ ဒါပေမယ့် အခု ဓမ္မာရုံမှာနေကြတယ်။ အထိအခိုက်တော့မရှိဘူး။ ဖြစ်တာက ဆယ်မိနစ်လောက်ကြာခဲ့တယ်”ဟု ဆရာတော်ကမိန့်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုရာတွင် “အေအေလုပ်လို့ ရွာသားတစ်ဦးသေသွားတယ်နော် ကျန်တာဘာမှ မဖြစ်ဘူး”ဟုဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် အေအေ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို DMG မှ ဆက်သွယ်ရာတွင် သတင်းကိုမသိရှိရသေးပဲ “ဗမာစစ်တပ်က တစ်ဖက်သတ်ပစ်တာ” ဖြစ်နိုင်ကြောင်းပြောဆိုခဲ့သည်။

ဗီဒီယိုများ