- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
မင်းပြားတွင် ဒေသခံတစ်ဦးကျည်ထိမှန်
ကိုနေဖြိုး ပစ်ခတ်ခံရသည့် ခေါင်းလောင်းရွာဟောင်း အဝေးပြေးကားဂိတ်အသစ် ဆောက်ထားသည့်နေရာတွင် တပ်မတော်စစ်ကြောင်းက ညအိပ်ရပ်နားရန် နေရာယူထားသဖြင့် အဆိုပါပစ်ခတ်မှုသည် တပ်မတော်မှ ပတ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုကြသည်။
28 May 2020

ကျော်သူဌေး | DMG
မေ ၂၈ ၊ မင်းပြား
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/ပုကွကျေးရွာမှ ဒေသခံတစ်ဦး ယမန်နေ့(မေလ ၂၇ ရက်) ညနေ ၇ နာရီခန့်က ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း ဒေသခံများက DMG သို့ ပြောသည်။
င/ပုကွကျေးရွာမှ ကိုနေဖြိုး ၂၁ နှစ်သည် မင်းပြားမြို့ပေါ်မှ မိမိကျေးရွာသို့ ဆိုင်ကယ်ဖြင့်လာစဉ် ခေါင်းလောင်းရွာဟောင်းအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း င/ပုကွကျေးရွာမှ ဦးသုခက ဆိုသည်။
“မင်းပြားကနေပြီးတော့ ညနေ(၇)နာရီလောက်က ဆိုင်ကယ်နဲ့ပြန်လာတဲ့အခါ ပစ်ခတ်ခံရတယ်လို့ ပြောပါတယ်။ ဒဏ်ရာကတော့ တင်ပါးမှာတစ်ချက်၊ ဒူးဆစ်မှာတစ်ချက်ရသွားတယ်”ဟု ၎င်းကပြောသည်။
ကိုနေဖြိုး ပစ်ခတ်ခံရသည့် ခေါင်းလောင်းရွာဟောင်း အဝေးပြေးကားဂိတ်အသစ် ဆောက်ထားသည့်နေရာတွင် တပ်မတော်စစ်ကြောင်းက ညအိပ်ရပ်နားရန် နေရာယူထားသဖြင့် အဆိုပါပစ်ခတ်မှုသည် တပ်မတော်မှ ပတ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုကြသည်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ခေါင်းလောင်းရွာဟောင်းအနီးတွင် ဒေသခံတစ်ဦးပစ်ခတ်ခံရသည့်ဖြစ်စဉ်အား အတည်ပြုပြောဆိုသည်။
“သူက ညနေ ၇ နာရီလောက်မှာ ဆိုင်ကယ်နဲ့ မင်းပြားကနေပြီးတော့ ရွာကိုသွားတဲ့အခါ ခေါင်းလောင်းရွာဟောင်းနားအရောက်မှာ ပစ်ခတ်ခံရတာဖြစ်တယ်။ ကျေးရွာသားတွေပြောတာကတော့ အဲဒီရွာနားမှာ တပ်မတော်က ညအိပ်ဖို့အတွက် နေရာယူထားတာရှိတယ်လို့ပြောတယ်” ဟု ဦးလှသိန်းအောင်က ဒေသခံများ၏ သတင်းပေးပို့ချက်ကို ကိုးကား၍ ပြောဆိုသည်။
ကျည်ထိမှန်သွားခဲ့သည့် ကိုနေဖြိုးမှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဒေသခံများ၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့သဖြင့် တပ်မတော်၏တုန့်ပြန်ချက်ကို မရရှိခဲ့ပေ။