ဆွေးနွေးပွဲတက်ရောက်လာသည့် ရက္ခိုင့်တပ်တော်(AA) မှ ကိုယ်စားလှယ်များ / ဓာတ်ပုံ - သက်နိုင်

မြတ်ဝင်းကျော် | DMG
စက်တင်ဘာ ၁၇ ၊ ရန်ကုန်

မြောက်ပိုင်းလေးဖွဲ့နှင့် အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်တို့သည် စက်တင်ဘာ ၁၇ ရက်နေ့တွင် ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာမှ သဘောတူညီချက် ၇ ချက် ရရှိခဲ့ကြသည်။

အဆိုပါ သဘောတူညီချက်များမှာ အပစ်ခတ်ရပ်စဲရေး ပဏာမ လက်မှတ်ရေးထိုးနိုင်ရေးနှင့် လက်ရှိဖြစ်ပွားနေကြသောတိုက်ပွဲများ လုံးဝချုပ်ငြိမ်းရေး၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်သို့ ပြန်လာရေး၊ တပ်နေရာချထားခြင်းကိစ္စနှင့် တိုက်ပွဲများ ထပ်မံ၍ မဖြစ်ပွားရန် နှစ်ဦးနှစ်ဘက် လိုက်နာရမည့် စည်းမျဉ်းများသတ်မှတ်ခြင်း စသည်တို့ကို ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ကြသည်။

ယင်းအပြင်  နှစ်ဖက် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ အရေးယူခြင်းကိစ္စများ၊ NCA ဆိုင်ရာဆွေးနွေးမှုများကို နှစ်ဦးနှစ်ဘက် လက်ခံနိုင်သည့်လုပ်ငန်းအား ဆက်လက်ဆွေးနွေးရန် စသည်ဖြင့် သဘောတူညီခဲ့ကြသည်။

အဆိုပါ ဆက်လက်ဆွေးနွေးမည့် သဘောတူညီချက်များကို အောက်တိုဘာလအတွင်းတွင် ထပ်မံတွေ့ဆုံဆွေးနွေးကြရန် သဘောတူညီမှုရရှိခဲ့ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် အဓိက Bilateral ပဏာမအပစ်ခတ် ရပ်စဲရေးလက်မှတ်ထိုးနိုင်ရေးကိစ္စကို ဆွေးနွေးကြသော်လည်း Bilateral ထဲမှာပါသော အချက်အလက်များအပေါ် နှစ်ဖက်နားလည်မှုလွဲခဲ့သောကြောင့် အချိန်ကြန့်ကြာခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မီဒီယာများကို ပြောသည်။

" နားလည်မှုလွဲတဲ့အပိုင်းကတော့ ကျနော်တို့က လက်မှတ်ထိုးတဲ့အခါ ၄ ဖွဲ့လုံး တစ်ပြိုင်တည်းထိုးမယ်။ နောက်ဆွေးနွေးတဲ့အခါလည်း ၄ ဖွဲ့လုံး တစ်ပြိုင်တည်း ဆွေးနွေးမယ်။ တပ်ကတော့ ၁ ဖွဲ့ချင်းသွားမယ် " ဟု ၄င်းကဆိုသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲ၌ အပြုသဘောဆောင်သည့် ရလဒ်မျိုးရရှိခဲ့ပြီးနောက် ထပ်မံဆွေးနွေးရာတွင်လည်း တိုးတက်ကောင်းမွန်လာသောရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း NRPC မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)တို့ ဦးဆောင်တက်ရောက်ခဲ့ပြီး တပ်မတော်ဘက်က  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းတို့  တက်ရောက်ခဲ့ကြသည်။

ထို့အတူ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော်(AA) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

Author: Admin