ကျောက်တော်မှ ပလက်ဝသွားသည့် ခရီးသည် (၆) ဦးဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်စက်လှေကို တားဆီးပြီး အမျိုးသား (၆)ဦးကို တပ်မတော်က ဖမ်းဆီးလိုက်သည်ဟု မိသားစုဝင်များက ပြောသည်။

By ကျော်သူဌေး 28 Feb 2020

ကျော်သူဌေး | DMG
ဖေဖော်ဝါရီ ၂၈၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်စက်လှေကို တားဆီးပြီး အမျိုးသား (၆)ဦးကို တပ်မတော်က ဖမ်းဆီးလိုက်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ခရီးသည် ၂၀ ဦး စီးနင်းလိုက်ပါလာသည့် စက်လှေကို ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းက တားဆီးပြီး အမျိုးသား (၆)ဦးကိုဖမ်းဆီးခဲ့ခြင်းဟု မိသားစုဝင်များကဆိုသည်။

ဖမ်းဆီးခံထားရသူများမှာ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှ ဦးထွန်းချေ (၅၇ နှစ်)၊ ဦးကွန်ချုပ် (၃၉ နှစ်)၊ ကျောက်တော်မြို့မှ ဦးအေးသိန်းမောင် (၄၂ နှစ်)၊ ပလက်ဝမြို့နယ်၊ ဒိုးချောင်းဝကျေးရွာမှ ဦးအောင်ကျော် ညွန့်( ၄၇ နှစ်)၊ ကိုအောင်သန်းနု (၂၂ နှစ်)နှင့် ပြိုင်းတိုင်းကျေးရွာမှ တစ်ဦးတို့ဖြစ်သည်။

“ကျောက်တော်က ပလက်ဝကို ဈေးရောင်းမယ်ဆိုပြီးတော့ လိုင်းဘုတ်နဲ့လိုက်သွားတာပါ။ တင်းမရွာနား အရောက်မှာ တပ်မတော်သားတွေက ခေါ်ပြီးတော့ ကျမအမျိုးသားနဲ့အတူ ၆ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ပြောပါတယ်။ မိန်းကလေးတွေနဲ့စက်လှေပိုင်ရှင်က အဲဒီနေ့မှာပဲ ပြန်လွှတ်လာပါတယ်” ဟု ဦးထွန်းချေ၏ဇနီး ဒေါ်ယဉ်သာနုက DMG သို့ပြောသည်။

ဦးထွန်းချေမှာ ပလက်ဝမြို့နယ်၊ နမဒါကျေးရွာသို့ သွားရောက်ပြီး ဈေးရောင်းနေသူတစ်ဦးသဖြင့် ပလက်ဝသို့ သွားရောက်ခြင်းဟု ၎င်းကဆက်ပြောသည်။

“အဆက်အသွယ်က အခုထိမရသေးဘူး။ ဘယ်ကိုရောက်လို့ ရောက်သွားမှန်းမသိ။ လွတ်လာတဲ့ မိန်းကလေးတွေပြောတာက တင်းမရွာနားမှာ ဖမ်းဆီးထားတယ်လို့ပြောပါတယ်။ သွားလို့ကြည့်မယ်ဆိုရင်လည်း တိုက်ပွဲဖြစ်နေတာကြောင့် မသွားရဲဘူးဖြစ်နေတယ်။ စိုးရိမ်နေပါတယ်။ ကျမအမျိုးသားမှာ အပြစ်မရှိတဲ့အတွက် လွှတ်ပေးစေချင်ပါတယ်” ဟု ဦးထွန်းချေ၏ ဇနီးက တောင်းဆိုသည်။

မိသားစုဝင်များ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ယခုဖမ်းဆီးခံခဲ့ရသည့် တင်းမကျေးရွာအနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းပတ်ဝန်းကျင်တွင် မကြာခဏတိုက်ပွဲဖြစ်ပွားမှုရှိနေသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ပလက်ဝမြို့နယ်မှ ကျောက်တော်မြို့သို့ လာရောက်သည့် စက်လှေများ တင်းမကျေးရွာအနီးတွင် ပစ်ခတ်ခံရမှုကြောင့် ခရီးသည်လေးဦး ဒဏ်ရာရရှိသွားသည်။ ယင်းစက်လှေများကို ကျောက်တော်မြို့အနီးတွင် တပ်မတော်က စစ်ဆေးခဲ့ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားသည်ဟု ခရီးသည်များက ပြောဆိုကြသည်။

ဗီဒီယိုများ