- ရခိုင်က အွန်လိုင်းဈေးရောင်းချသူများ FDA ထောက်ခံချက် မရ၍ မှတ်ပုံတင်ရန် အခက်အခဲဖြစ်နေ
- ရခိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁,၄၀၀ ကျော်နှင့် သေဆုံးသူတစ်ဦးရှိလာ
- နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ တောင်းဆို
- ဒုက္ခသည်စခန်းများတွင် မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးမှုများ လိုအပ်နေ
- စစ်ဘေးရှောင် တက္ကသိုလ်ကျောင်းသားများ ပညာသင်ကြားရန် အခက်အခဲရှိနေ
စစ်တွေသုဿာန်ဟောင်းမြေနေရာတွင် နေထိုင်သူတချို့ကို ယခုလတွင်းဖယ်ရှားမည်
စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ သုဿာန်ဟောင်းမြေနေရာ၌ နေထိုင်သူများကို သြဂုတ်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အကြောင်းကြားထားသည်။
23 Aug 2019
မင်းထွန်း | DMG
သြဂုတ် ၂၂၊ စစ်တွေ
စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ သုဿာန်ဟောင်းမြေနေရာ၌ နေထိုင်သူများကို သြဂုတ်လ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အကြောင်းကြားထားသည်။
အဆိုပါနေရာတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး ဆောက်လုပ်မည်ဖြစ်သဖြင့် ပြီးခဲ့သည့် သြဂုတ်လ (၇)ကစတင်ပြီး နေအိမ် (၁၈)လုံးကို ဖယ်ရှားပေးရန် အကြောင်းကြားခဲ့သော်လည်း ဖယ်ရှားသူမရှိသဖြင့် ထပ်မံအကြောင်းကြားခြင်းဖြစ်ကြောင်း ယင်းနေရာတွင်နေထိုင်သူ ဒေါ်သန်းသန်းနုကပြောသည်။
“ဒီမှာ ရုံးဆောက်မယ် ဖယ်ပေးလို့ စာလာပါတယ် စာပေးပါတယ်။ စာပေးတော့ အဒေါ်တို့က ဘယ်လိုလုပ်မှာတုန်း။ ငါတို့က အိမ်လည်း ငှားမနေနိုင်ဘူးပေါ့နော်။ ဒီနားမှာ မရှိလို့ နေကြတာ သင်္ချိုင်းမြေမှာ နေတာပဲ။ နေလို့ရမယ်ထင်လို့ နေကြတာ။ အခုကျတော့ နှင်တယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ စိတ်ပူကြတာပေါ့နော်။ အခု ဆယ်ရက်အတွင်း ဖယ်ပေးဆိုတော့ ကိုးရက်နေ့က ရောက်တာပေါ့နော်စာလေ။ ကိုးရက်နေ့က ရောက်ရင် ၁၉ ရက်နေ့ကကျတော့ နောက်တစ်ခေါက် စာရောက်ပါတယ်။ စာရောက်တာ၂၇ ရက်နေ့ ဖယ်ပေးရမယ်တဲ့။ အဒေါ်တို့ ပထမ နေတုန်းက မြက်တွေတောတွေပေ့ါနော် အဲတာတွေကို ရှင်းပြီးတော့ အဒေါ်တို့ မရှိတဲ့လူတွေ စုပြီးနေကြတာ အဲဒီတုန်းက ရုံးဆောက်မယ် မြေမကျုးကျော်ရ အဲဒီလိုလည်း ရေးလို့မရှိဘူး” ဟုပြောသည်။
ယခုလို နေအိမ်များကို ဖယ်ရှားပေးရမည်ဆိုလျင် အခက်အခဲများ ရှိလာမည်ဖြစ်သဖြင့် အစိုးရနေနဲ့ စဉ်းစားပေးရန်လည်း ယင်နေရာ၌နေထိုင်သူ ဒေါ်စိန်နုကဆိုသည်။
“ကျမတို့ ဒီမိုးတွေ မကုန်ဘဲနဲ့ ဘယ်မှာ သွားနေရမှာလဲ နေရာလည်းမရှိ။ အိမ်လည်းမရှိ။ တစ်ခုမှ မသွားချင်ဘူး။ ဒီနေရာမှာပဲ နေချင်တယ်။ အစိုးရ ဘာပြောမှာလဲပြော ကျမတို့ အစိုးရကိုလည်း တောင်းဆိုချင်တယ်။ အစိုးရက ဒုက္ခသည်တွေကို နေရာပေးထားတယ်မဟုတ်လား နေရာတိုင်းမှာ ရွာပေးထားတယ်မဟုတ်လား။ ကျမတို့ ဒီနေရာမှာ ဒုက္ခအဖုံဖုံနဲ့ ရောက်လာတာဆိုတော့ ဒီနေရာမှာပဲ နေချင်တယ်။ ကျမတို့ တောတောင်တွေမှာ မလုပ်စားရဲလို့ ဒီနေရာမှာ ပန်းတွေရောင်းလို့ ဟင်းတွေရောင်းလို့ အဲဒီလို စားသောက်နေရတယ်”ဟု ဆိုသည်။
ယင်းနေရာ၌ နေထိုသူများမှာ လွန်ခဲ့သော ၄ နှစ်ခန့်က ပေါက်တော၊ ရသေ့တောင်စသည့် မြို့နယ်များမှ လက်လုပ်လက်စားများဖြစ်ပြီး အလုပ်အကိုင်ရှားပါးမှုနှင့် ပဋိပက္ခများကြောင့် ရွေ့ပြောင်းလာခဲ့ကြသူများ ဖြစ်သည်။