လူသူကင်းမဲ့နေသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာအတွင်းက နေအိမ်အချို့အား ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။

မျိုးသီရိကျော် | DMG
မေ ၁၆ ၊ မြောက်ဦး

ကျေးရွာသား စစ်ဘေးရှောင်တိမ်းနေကြသည့် မြောက်ဦးမြို့နယ် လက္ကာကျေးရွာအတွင်း မီးလောင်မှု ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ယနေ့(မေလ ၁၆ ရက်) နေ့လည် ၂ နာရီကျော်အချိန်က လက္ကာကျေးရွာအတွင်း မီးလောင်နေသည်ကို မြင်တွေ့နေရကြောင်း အမည်မဖော်လိုသည့် ဘူးရွက်မညှိုးကျေးရွာသားတစ်ဦးက DMG သို့ ပြောသည်။ ယင်းသို့ မီးလောင်နေသည်မှာ နေအိမ် ၁၀ အိမ်ခန့်ရှိမည်ဖြစ်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

“မီးခိုးထွက်နေတာနဲ့ မီးလောင်မှုဧရိယာနဲ့ဆိုရင်တော့ အိမ်တစ်ဆယ်လောက်တော့ထင်ပါတယ်။ ပေါ့ဆ မှုကြောင့် မီးလောင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး” ဟု ၄င်းကဆိုသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကို DMG ကဆက်သွယ်မေးမြန်းရာတွင် မီးလောင်မှုမှာ ဟုတ်မှန်သော်လည်း ဖြစ်စဉ်အကြောင်းစုံကို သူအနေဖြင့် မသိရသေးကြောင်း ပြောသည်။

လက္ကာကျေးရွာအနီးရှိ ကျေးရွာများမှာဒေသခံများက ယနေ့နေ့လည်ပိုင်းတွင် တိမ်ညိုကျေးရွာဘက်မှ လာသည့် တပ်မတော်သား ၅၀ ခန့်မှာ လက္ကာကျေးရွာအတွင်းသို့ဝင်ရောက်သွားပြီးနောက် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ကြောင်း၊ ယင်းနောက် လက္ကာကျေးရွာ၏ တောင်ဘက်အခြမ်းမှ မီးစတင် လောင်ကျွမ်းလာခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။

လက္ကာကျေးရွာသားများမှာ ပြီးခဲ့သည့် ၂၀၁၉ ဧပြီလကစတင်ပြီး ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် မြောက်ဦးမြို့ပေါ်နှင့် ပီပင်ရင်း၊ တိမ်ညို၊ တင်းထိန်ကန် စသည့် စစ်ဘေးရှောင်စခန်းများသို့ သွားရောက် ခိုလှုံ လျက်ရှိနေသည်။ ရွာအတွင်းတွင် သက်ကြီးရွယ်အို ၂၀ ဦးခန့်မှာ နေအိမ်များကို စောင့်ကြည့်ရန် ကျန်ရှိနေခဲ့ ကြောင်း သိရသည်။

ယခုကဲ့သို့ ကျေးရွာမီးလောင်နေသည့်သတင်းကို ကြားသိရသော်လည်း ရွာအတွင်းကျန်ခဲ့သူများကို အဆက် အသွယ်မရသဖြင့် စိုးရိမ်နေရကြောင်း ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် လက္ကားကျေးရွာမှ ဒေါ်ဦးဝင်းကြည်က ဆိုသည်။

“ရွာမီးလောင်နေတယ်ဆိုတော့ စိုးရိမ်မှုတွေရှိတာပေါ့။ ကိုယ့်အိမ် မီးလောင်ရာမှာပါသွားမှာ စိုးရိမ်တယ်။ ဒီမှာက ငိုနေကြပြီ။ ရွာထဲမှာ ကျန်နေခဲ့တဲ့သူတွေကိုလည်း ဖုန်းဆက်မရဘူး။ ဖုန်းဝင်ရင်လည်း မကိုင်ကြဘူး”ဟု ၎င်းက ပြောသည်။

လက္ကာကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၁၈၀၀ ကျော်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တို ဘာလ ၇ ရက်နေ့ကလည်း လက္ကာကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကာ နေအိမ်တစ်လုံးပျက်စီးမှုရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဧရိယာအတွင်းက နေအိမ်များမီးလောင်ပျက်စီးမှုမှာ ယခုနှစ်အတွင်း ပိုများလာ နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက မကြာမီက DMG သို့ ပြောဆိုထားသည်။

ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာတွင်လည်း မေလ (၄)ရက်နေ့က နေအိမ်များမီးရှို့ခံရသဖြင့် အနည်းဆုံးနေအိမ် ၈ လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ၎င်းနေရာသို့ သွားကြည့်ခဲ့သည့် ကျေးရွာသား များက ပြောဆိုထားသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာတွင် မတ်လ ၂၂ ရက်နေ့က မီးရှို့ခံရမှုကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ်အလုံး ၅၀၀ ကျော်ကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သိန်း ၉၀၀ ကျော်ကို ဧပြီလ ၂၂ ရက်နေ့က ပေးအပ်ခဲ့သည်။

Author: Admin