ဓာတ်ပုံ - Lay mro Minbyar CJ news

အောင်ထိန်၊ ဝင်းညွှန့် | DMG

ဇူလိုင် ၁၃၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ကာ ယနေ့ အထိ ရေကြီးမှုဖြစ်ပွားနေသောကြောင့် လူပေါင်း ၂၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်ဟု ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန၏ ဦးစီးအရာရှိ ဦးရဲမင်းဦးက DMG ကို ဇူလိုင်လ ၁၃ ရက်နေ့တွင်ပြောသည်။

မင်းပြားမြို့နယ်တွင် တစ်မြို့နယ်လုံးနီးပါး ရေကြီးမှုဖြစ်ပွားနေပြီး ကျောက်တော်မြို့နယ်တွင်လည်း ကျေးရွာ အုပ်စု (၅၀ )ခန့်ရေကြီးမှုဖြစ်နေကာ မြောက်ဦးမြို့နယ်တွင် စင်းဘောကိုင်း၊ မြတန်ဆောင်းနှင့် တိမ်ညိုစစ်ဘေး ရှောင်စခန်းများအပါအဝင် ကျေးရွာ (၁၀)ကျော် တို့တွင် ရေကြီးမှုဖြစ်ပွားနေသည်။

“မင်းပြားမြို့ တစ်မြို့တစ်မြို့လုံးတောင် မြုပ်သွားတဲ့အတွက် တစ်မြို့နယ်လုံးလိုလို ရေကြီးနေတယ်လို့ ပြောလို့ ရ တယ်။မင်းပြားမြို့နယ်မှာ ဦးရေ ၂ သိန်းကျော်လောက်ရှိတယ်”ဟု မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

အလားတူ မြောက်ဦးမြို့နယ်တွင် ကျေးရွာ ၁၀ ကျော်ခန့် ရေနစ်မြုပ်နေသောကြောင့် လူပေါင်း ၁ သောင်းကျော် ရေဘေးဒုက္ခရောက်နေကြသည်ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။ ယခုကဲ့သို့ ရေကြီးမှုဖြစ်ပွားနေသောကြောင့် ကျေးရွာများတွင် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများရှိပြီး ရေဘေးသင့် ပြည်သူများလည်း စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေသည်။

ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ကူညီဆောင်ရွက်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရတွင် သီးသန့်ဘက်ဂျက်ရှိသည်ဟု သိရကြောင်း၊ ထိုငွေများကို ယခု ရေဘေးတွင် အသုံးချရန် လိုအပ်ကြောင်း ဝံလက်ဖောင်းဒေးရှင်း၏ ဒါရိုက်တာ ခိုင်ကောင်းစံက DMG ကို ပြောသည်။

“ဒီရေကြီးမှုဟာ ဆက်ပြီး ကြီးနေမယ်ဆိုရင် ၂၀၁၅ တုန်းကလို ပုံစံမျိုးဖြစ်သွားနိုင်တယ်။ ပိုပြီးတော့ ဆိုးရွားတဲ့ အခြေအနေမျိုး၊ ဒုက္ခရောက်ကြတယ်။ နောက်တစ်ခါ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေလည်း ဖြစ်လာနိုင်တယ် ” ဟု ၎င်းက ဆိုသည်။

 ပြည်နယ်အစိုးရအနေဖြင့် ရေဘေးကိစ္စဆောင်ရွက်ရာတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ၎င်းကဆက်လက်တိုက်တွန်းသည်။ ရေဘေးသင့်ပြည်သူများကို အစိုးရအနေဖြင့် တရားဝင်ကူညီမှု ပြုလုပ်ခြင်း မရှိသေးကြောင်း၊ ကူညီကယ်ဆယ်ရေး ပြုလုပ်မည့် အကြောင်းများကိုလည်း အကြောင်းကြားခြင်း မရှိသေးဟု မင်းပြားမြို့နယ်မှ ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဦးစစ်နိုင်က DMG ကို ယမန်နေ့က ပြောသည်။ ရေကြီးမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များကိုလည်း အစိုးရက ထောက်ပံ့မည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာများကိုလည်း ထောက်ပံ့မည်ဖြစ်ကြောင်း ဦးရဲမင်းဦးက ပြောဆိုသည်။ 

 

Author: Admin