နှင်းနွယ် | DMG
မေ ၁၈ ရက် ၊ မြောက်ဦး

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအတွင်း မီးရှို့ခံရမှုကြောင့် နေအိမ်အလုံး ၂၀၀ ခန့် မီးလောင်ပျက်စီးသွား ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ပြောဆိုကြသည်။

မေလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က တိမ်ညိုကျေးရွာဘက်မှလာသည့် တပ်မတော်သား အင်အား ၅၀ ခန့်မှာ လက္ကာကျေးရွာအတွင်း ဝင်ရောက်သွားပြီးနောက် ပစ်ခတ်သံအချို့ထွက်ပေါ်လာကာ ရွာ၏ တောင်ဘက်အခြမ်းမှ မီးစတင်လောင်ကျွမ်းလာခဲ့ခြင်းဖြစ်ကြောင်း အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံများက ပြောသည်။

လက္ကာကျေးရွာအတွင်း မီးရှို့ခံရမှုကြောင့် နေအိမ်အလုံး ၂၀၀ ခန့်ပျက်စီးသွားခဲ့ကြောင်း လက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်က DMG ကို ယနေ့နံနက်ပိုင်းက ပြောသည်။

“မီးလောင်တဲ့အထဲမှာ နေအိမ်တွေအပြင် အလယ်တန်းစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းထဲက ဆွမ်းချက် ဆောင်ပါ ပါသွားတယ်။ နောက်ထပ် ဆရာ၊ဆရာမတွေနေတဲ့ အဆောင်သုံးဆောင်လည်း ပါသွားတယ်”ဟု ၄င်းက ပြောသည်။

လက္ကာကျေးရွာတွင် အိမ်ခြေ ၃၀၂ ဆောင်ရှိပြီး မီးရှို့ခံရမှုကြောင့် နေအိမ် ၂၀၀ ခန့် ပျက်စီးသွားခဲ့ကာ လက်ရှိမှာ နေအိမ် ၁၀၀ ကျော်ခန့်သာကျန်ရှိတော့ကြောင်း လက္ကာကျေးရွာသားများက ပြောသည်။

တပ်မတော်စစ်ကြောင်းသည် လက္ကာကျေးရွာအတွင်းမှ မေလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် ပြန်လည်ထွက်ခွာလာခဲ့ပြီးနောက် အနီးရှိ ဘူးရွက်မညိုးကျေးရွာတွင် တစ်ညအိပ်ခဲ့ကြောင်း ဘူးရွက်မညိုး ကျေးရွာသားများက ပြောသည်။

လက္ကာကျေးရွာသားများမှာ ပြီးခဲ့သည့် ၂၀၁၉ ဧပြီလကစတင်ပြီး ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် မြောက်ဦးမြို့ပေါ်နှင့် ပီပင်ရင်း၊ တိမ်ညို၊ တင်းထိန်ကန် စသည့် စစ်ဘေးရှောင်စခန်းများသို့ သွားရောက် ခိုလှုံလျက်ရှိနေသည်။

ယခုကဲ့သို့ ကျေးရွာသားများ ထွက်ပြေးနေချိန်တွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း လက္ကာကျေးရွာဒေသခံ ဦးမောင်အောင်စိန်က ပြောသည်။

“ကျနော်တို့ရွာက တချို့လယ်သမားတွေမှာဆိုရင် လယ်ထွန်စက်တွေလည်း မီးထဲအကုန်ပါသွားတယ်။ မိုးရာသီ အသုံးပြုဖို့ သိုလှောင်ထားတဲ့ ဆီတွေလည်းပါသွားတယ်။ ဝမ်းစာတွေ ၊ မိုးစပါးတွေ အကုန်ပါသွားတယ်။ ဒီနှစ်ရာသီကတော့ လယ်သမားတစ်ယောက်အနေနဲ့ လုပ်ကိုင်စားသောက်ဖို့က ဘာမှမရှိတော့ဘူး။ အလှမ်းဝေးသွားပြီ ” ဟု ၄င်းကပြောသည်။

မီးလောင်ကျွမ်းရာတွင် နေအိမ်ဆုံးရှုံးပျက်စီးသွားခဲ့သည့် လက္ကာကျေးရွာမှ မိသားစုဝင်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ အကူအညီထောက်ပံ့ပေးရန် တိုက်တွန်း သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

“ကျနော်ကတော့ နေအိမ်ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေ အိုးအိမ်ပြန်လည်ထူထောင်နိုင်ရေးအတွက် အစိုးရအနေနဲ့ ဘယ်လိုပံ့ပိုးပေးမလဲဆိုတာကို လူကယ်ပြန်ဝန်ကြီးဌာနကို တိုက်တွန်းသွားဖို့ရှိတယ်။ တခြား လူမှုရေးလှုပ်ရှားသူတွေကိုလည်း ဘယ်လိုပုံစံမျိုး ပံ့ပိုးပေးခိုင်းရမလဲဆိုပြီးတော့ ဝိုင်းဝန်းစဉ်းစားနေကြတယ်”ဟု ၄င်းကပြောသည်။

ယခုကဲ့သို့ လက္ကာကျေးရွာအတွင်း နေအိမ်များမီးရှို့ခံရသည်မှာ ကျေးရွာအနီး တပ်မတော်နှင့် AA တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်း၌ရှိသည့် AA ဘက်မှ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း မေလ ၁၇ ရက်နေ့တွင် တပ်မတော်က ထုတ်ပြန်သည်။

တပ်မတော်၏ထုတ်ပြန်ချက်တွင် လက္ကာကျေးရွာအတွင်း မီးရှို့ခံရမှုကြောင့် နေအိမ်အလုံး ၂၀ ခန့် မီးလောင် ပျက်စီးသွားခဲ့ကြောင်းပါရှိရာ ဒေသခံများပြောဆိုသည့် နေအိမ်ပျက်စီးမှုနှင့် များစွာကွာဟမှုရှိနေသည်။

တပ်မတော်ကထုတ်ပြန်ထားသည့် လက္ကာကျေးရွာအတွင်းနေအိမ်များကို AA က မီးရှို့သည်ဆိုသည့်အပေါ် ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက တပ်မတော်မှ ၎င်းတို့၏စစ်ရာဇဝတ်မှုများကို ဖုံးကွယ် ရန်ကြိုးစားသည့်အနေဖြင့် ပြောဆိုခြင်းသာဖြစ်ပြီး သတင်းဌာနများအနေဖြင့် ဒေသခံများအား မေးမြန်းကြည့် ပါက ပိုမိုသိရှိရမည်ဖြစ်ကြောင်း RFA သတင်းဌာနအား ပြောဆိုထားသည်။

ပြီးခဲ့သည့် မေလ (၄)ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ င/တောက်တူချေကျေးရွာတွင် မီးရှို့ခံရမှုကြောင့် နေအိမ် (၈)ဆောင်ခန့် မီးလောင်ပျက်စီးသွားခဲ့သည်။

ထို့ပြင် မတ်လ (၂၂)ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမီးရှို့ခံရမှုကြောင့် နေအိမ်အလုံး ၅၀၀ ကျော် ပျက်စီးမှုရှိခဲ့ကာ ၎င်းနေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ငွေကျပ်သိန်း ၉၀၀ ကျော်ကို ဧပြီလ ၂၂ ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

Author: Admin