နှင်းနွယ် | DMG
ဇွန် ၁၉ ၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေစံပြကျေးရွာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ ယနေ့ (ဇွန်လ ၁၉)ရက် နံနက်ပိုင်း (၄)နာရီခန့်က ရဲစခန်းအတွင်း၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ခဲ့ရကြောင်း ဒေသခံ များထံမှ သိရသည်။

သေဆုံးသွားသူမှာ ရဲတပ်သား ဦးကျော်မိုးလှိုင်၊ အသက် (၄၃)နှစ်ဖြစ်ပြီး လက်ရှိတွင် မြောင်းဘွေရဲစခန်း၌ တာဝန်ကျနေသူတစ်ဦးဖြစ်ကြောင်း မြောင်းဘွေကျေးရွာသားများက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက “သေသွားတာကတော့ မှန်တယ်။ ဘာကြောင့်သေလဲ ဆိုတာကိုတော့ အတိအကျမသိဘူး။ ဒါပေမယ့် သူတို့(ရဲစခန်း)အထဲက လူတွေပြောနေကြတာကတော့ သူ့ကိုယ်သူပစ်သတ်ပြီး သေသွားတာလို့ သတင်းတွေထွက်နေတယ် ”ဟု ၄င်းကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ အသေးစိတ်ကိုသိရှိနိုင်ရန် မြောင်းဘွေရဲစခန်းမှ ရဲအရာရှိတစ်ဦးအား DMG က ဆက်သွယ်မေးမြန်းခဲ့ရာ ကောလာဟလသတင်းသာဖြစ်ကြောင်း ငြင်းဆိုသည်။

ထို့ကြောင့် မြောက်ဦးမြို့မရဲစခန်းမှ စခန်းမှူးနှင့် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်တို့အား ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

Author: Admin