အောင်ကောင်းဇော် | DMG
ဇူလိုင် ၃၁ ၊ မာန်အောင်

COVID–19 ကာလအတွင်း ပုဇွန်ခြောက်ဈေးကျနေသဖြင့် မာန်အောင်မှ ပုဇွန်ခြောက်လုပ်ငန်း လုပ်ကိုင်နေသူများနှင့် ရေလုပ်ငန်းလုပ်ကိုင်သူများ အခက်ကြုံနေရကြောာင်း ဒေသခံများထံမှ သိရသည်။

ယခင်က ပုဇွန်ခြောက်တစ်ပိဿာလျှင် ၄၆၀၀၀ ကျပ်အထိရှိခဲ့သော်လည်း လက်ရှိတွင် တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်သာဈေးရရှိသဖြင့် လုပ်အားခကုန်ကျစရိတ်နှင့်နှိုင်းယှဉ်ပါက အမြတ်အစွန်းမရှိကြောင်း မာန်အောင်မြို့နယ် ဘူးရေမျက်ကျေးရွာမှ ပုဇွန်ခြောက်လုပ်ငန်းလုပ်ကိုင်နေသူ ဦးထွန်းဝင်းကဆိုသည်။

“ပုဇွန်ခြောက်ဖြစ်ဖို့အတွက် လုပ်သားတစ်ယောက်ကို တစ်ပိဿာ ၃၀၀ ပေးရတယ် ၊ တစ်ရက်မှာ ပိဿာ ၁၀၀ ကျော်လုပ်ရတယ်။ ဆီဖိုး၊ ပုဇွန်စိမ်းဖိုး၊ ထင်းဖိုးနဲ့ဆိုရင်မကိုက်ဘူး။ အရှုံးပေါ်မယ့်ဖက်ကို များနေတယ်” ဟု ၄င်းက ဆိုသည်။

မာန်အောင်မြို့နယ်မှ ပုစွန်စိမ်းများကို တစ်ပိဿာလျှင် ၂၂၀၀ ကျပ်ဖြင့် ဝယ်ယူနေရပြီး ပုဇွန်ခြောက် တစ်ပိဿာ ရရှိရန် ပုစွန်စိမ်း ၁၀ ပိဿာသုံးရကြောင်း သိရသည်။

မာန်အောင်မြို့နယ်အတွင်းမှ ရွာပေါင်း ၂၀ ကျော်မှာ မိုးရာသီတွင်ပုဇွန်ဖမ်းခြင်းလုပ်ငန်းကို အဓိကလုပ်ကိုင် ကြပြီး ပုဇွန်ခြောက်ဈေးကျဆင်းသည့်အတွက် စီးပွားရေးအဆင်မပြေမှုများ ရှိနေကြောင်း ကျေးရွာသားများက ဆိုသည်။

မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်ကျေးရွာမှ ပုဇွန်ဖမ်းလုပ်ငန်းလုပ်ကိုင်နေသူ ဦးတင်ဌေးက “ပုဇွန်ဖမ်းလှေ တစ်စီးမှာ လူငှား ၅ ယောက်ပါတယ်။ ဆီကတစ်ရက်ကို ၁၅ ဂါလံကုန်တယ်။ လူတစ်ယောက်ကို ၈၀၀၀ နှုန်းနဲ့ ငှားရတယ်။ တစ်နေ့ကုန်ကျစရိတ်က တစ်သိန်းနီးပါးရှိတယ်။ ပုဇွန်တစ်ပိဿာကိုက ၂၂၀၀ ပဲရတယ်။ တစ်နေ့ အတွက် ပုဇွန်ပိဿာ ၅၀ လောက်ရမှ အရင်းရတယ်။ တစ်ရက်တစ်လေဆိုရင် အရင်းတောင်မရဘူး။ ရေရှည် ဆိုရင်တော့ ရပ်တည်ဖို့ကမလွယ်ဘူး။ ဒါတောင် ဆီဈေးကျနေတာကြောင့် အဆင်ပြေနေသေးတာ” ဟု ၎င်းက ဆိုသည်။

ယခင်နှစ်က ပုဇွန်စိမ်းတစ်ပိဿာလျှင် ၃၅၀၀ အထိရှိခဲ့ပြီး လူငှားစရိတ်မှာလည်း သက်သာခဲ့ကာ ယခုနှစ်တွင် လူငှားစရိတ်များ မြင့်လာသည့်အတွက် တပိုင်တနိုင် ပုဇွန်ဖမ်းလုပ်ငန်းလုပ်ကိုင်သူများကို အစိုးရမှ ထောက်ပံ့ ချေးငွေချေးပေးရန် ဒေသခံများက လိုလားနေကြသည်။

မာန်အောင်မြို့နယ်အတွင်းမှထွက်ရှိသည့် ပုစွန်ခြောက်များကို ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံသို့ အဓိကထား တင်ပို့လျှက်ရှိပြီး တစ်လလျှင် ပုစွန်ခြောက် ပိဿာ ၁၀၀၀၀ ကျော်အထိ တင်ပို့လျှက်ရှိကြောင်း ပုစွန်ခြောက် လုပ်ငန်း လုပ်ကိုင်နေသူများထံမှသိရသည်။

Author: Admin