အောင်ကောင်းဇော် | DMG
စက်တင်ဘာ ၂၄ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မျှော်တော်ဦးကျေးရွာရှိ NLD ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရကြောင်း ယင်းမြို့နယ် NLD ပါတီမှ သိရသည်။

အဆိုပါ ဆိုင်ဘုတ်ဖျက်ဆီးခံရခြင်းကို ပါတီအနေဖြင့် ယနေ့(စက်တင်ဘာလ ၂၄ ရက်) နံနက်ပိုင်းမှသိရှိခဲ့ရပြီး ဆိုင်းဘုတ်ကို အသစ်ပြန်တင်သွားမည်ဖြစ်ကြောင်း မာန်အောင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးသန်းဝေက ပြောသည်။

“ကျနော်တို့က ဒီမနက်မှသိတာ။ ညတုန်းက ဖျက်ဆီးခံရတာနဲ့တူတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာ အသေးစိတ်မသိရသေးဘူး။ အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ ဆွေးနွေးပြီး မှဘဲ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာကိုသိရမယ်” ဟု ၎င်းကဆိုသည်။

ယခုဖျက်ဆီးခံရသော မျှော်တော်ဦးကျေးရွာမှ NLD အောင်နိုင်ရေးဆိုင်းဘုတ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ညအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့်လည်း တစ်ကြိမ်ပျက်စီးမှုဖြစ်ခဲ့ကြောင်း ပါတီမှသိရသည်။

NLD ပါတီအနေဖြင့် မာန်အောင်မြို့နယ်အတွင်းတွင် စက်တင်ဘာ ၁၇ ရက်နေ့ကပင် ရွေးကောက်ပွဲ အောင်နိုင်ရေးဆိုင်းဘုတ်များကို ကျေးရွာ ၂၀ ကျော်တွင် စိုက်ထူထားသည်။

အလားတူ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင်လည်း NLD ပါတီ၏ အောင်နိုင်ရေး ဆိုင်းဘုတ်အချို့ ဖျက်ဆီးခံရမှုများရှိခဲ့သည်။

ထိုသို့ဖျက်ဆီးခံရခြင်းနှင့်ပတ်သတ်ပြီး အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာရဲစခန်းများတွင် တိုင်တန်း အမှုဖွင့်ထားကြောင်း NLD ပါတီမှ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြောဆိုထားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

Author: Admin