အောင်ကောင်းဇော် | DMG
ဇူလိုင် ၁၅ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်ရောဂါကာကွယ်ရေး ပစ္စည်းများကို လှူဒါန်းရန်ပြင်ဆင်နေကြောင်း မာန်အောင်မြို့နယ်လုံးဆိုင်ရာ လူငယ်များအစည်းအရုံးမှ သိရသည်။

အဆိုပါ မြို့နယ်အတွင်းမှ ကျောင်းပေါင်း ၁၃ ကျောင်းတွင် Mask များ၊ လက်သန့်ဆေးရည်များ လှူဒါန်းသွားမည်ဖြစ်သဖြင့် Mask များကို ခြုပ်လုပ်နေပြီဖြစ်ကာ ကျောင်းဖွင့်ရက်မတိုင်မီ လှူဒါန်းနိုင်ရန် လုပ်ဆောင်နေသည်ဟု မာန်အောင်မြို့နယ်လုံးဆိုင်ရာ လူငယ်များအစည်းအရုံး တာဝန်ခံ ကိုဇော်ထွေးနိုင်က ပြောသည်။

“အခုလောလောဆယ်တော့ ကျွန်တော်တို့ စပြီးခြုပ်နေပြီ။ လာမယ့် ကျောင်းဖွင့်ရက်မတိုင်ခင် လှူသွားမယ်လို့တော့ လုပ်နေတယ်။ လောလောဆယ် Mask ကတော့ ၂၅၀၀ လောက် ရနေပြီ” ဟု ၎င်းကပြောသည်။

လက်ရှိ မာန်အောင်မြို့နယ်အတွင်းမှ အထက်တန်းကျောင်း ၇ ကျောင်းနှင့် အ.ထ.က(ခွဲ)ကျောင်း ၆ ကျောင်း တို့တွင် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လှူဒါန်းရန် ပြင်ဆင်နေပြီး ယင်းသို့လှူဒါန်းမှုကို ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH)မှ ပံ့ပိုးမှုများ ပြုလုပ်ထားကြောင်း သိရသည်။

“ကျနော်တို့ Mask  ၅၀၀၀၊ လက်သန့်ဆေးရေ ၂၀၀၀၊ လက်ဆေးဆပ်ပြာ ၂၅၀၀ ထဲက ဒီကျောင်း (၁၃)ကျောင်း လူဦးရေအပေါ်ကြည့်ပြီး ပထမလှူဒါန်းသွားဖို့ စီစဉ်ထားတယ်။ နောက်ကျောင်းတွေကိုလည်း လှူဒါန်းပေး နိုင်အောင် စီစဉ်သွားမယ်” ဟု ကိုဇော်ထွေးနိုင်က ဆိုသည်။

ဇူလိုင်လ ၁၃ ရက်နေ့မှစတင်ပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထက်တန်းအဆင့် စာသင်ကျောင်း များတွင် ကျောင်းအပ်နှံလက်ခံမှုများပြုလုပ်နေပြီး လာမည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျောင်းများကို စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ ဖွင့်လှစ်မည့်စာသင်ကျောင်းများတွင် ကိုဗစ်ရောဂါကာကွယ်ရေးအစီအစဉ်များ လုပ်ဆောင်ပြီး ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဌာနတာဝန်ရှိသူများက ပြောဆိုသည်။

ကိုဗစ်ကာလအတွင်းတွင် ကျောင်းများဖွင့်လှစ်မည့်အပေါ် ဆရာမိဘ၊ ကျောင်းသား၊ ပြည်သူများအနေဖြင့် မတူ ကွဲပြားသည့်သဘောထားများ၊ စိုးရိမ်ပူပန်မှုများနှင့် ဝေဖန်မှုများရှိနေကြောင်း NNER က ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Author: Admin