
အောင်ကောင်းဇော် | DMG
ဒီဇင်ဘာ ၁၈၊ မာန်အောင်
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် လေးလကြာ ရပ်နားထားခဲ့ရသည့် မာန်အောင်-တောင်ကုတ် အမြန်ရေယာဉ်များမှာ ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှစပြီး စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း အမြန်ရေယာဉ် မန်နေဂျာများထံမှ သိရသည်။
ခရီးသွားပြည်သူအပေါ်မှာမူတည်ပြီး ပြေးဆွဲသွားမည်ဟု မေဃအားမာန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူ ကိုညီဝင်းစိန်က ပြောသည်။
“ကျနော်တို့ ရေယာဉ်လိုင်းကို အစိုးရ ရပ်နားခိုင်းလို့ ရပ်နားထားတာတော့မဟုတ်ဘူး ကျနော်တို့ သဘောနှင့်ကျနော်တို့ ခရီးသွားအပေါ်မူတည်ပြီး ရပ်နားထားတာ။ အခုတော့ ဒီဇင်ဘာ ၁၈ ရက်နေ့ကပင် စတင်ပြေးဆွဲတော့မယ် ဒါပေမဲ့ ခရီးသည်အပေါ် မူတည်ပြီးပြေးဆွဲမှာ။ ပုံမှန်တော့ မဟုတ်သေးဘူး” ဟု သူကပြောသည်။
ထိုကဲ့သို့ ရေယဉ်လိုင်းများ ပြေးဆွဲရာတွင် COVID-19 ရောဂါ ပြန့်ပွားခြင်း မရှိစေရန်အတွက် ခရီသည်များအား PPE ဝတ်ဆင်ခြင်း၊ Mask တပ်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း စသည်များကို အမြန်ရေယဉ်ပြေးဆွဲသူများမှ အစိုးရ ညွှန်ကြားချက်အရ ဆောင်ရွက်ပေးထားကြောင်း ကိုညီဝင်းစိန်က ဆိုသည်။
အမြန်ရေယာဉ်များ စတင်ပြေးဆွဲနေသော်လည်း ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-စစ်တွေ စသည့် မြို့နယ်များသို့ ပြေးဆွဲမည့် လေကြောင်းလိုင်းမှာ ရက်အတိအကျ မသိရသေးဟု လေကြောင်းလိုင်း တာဝန်ယူထားသည့် မာန်အောင်အများပိုင်ကုမ္ပဏီ ဥက္ကဌ ဦးထွန်းလှိုင်က ပြောသည်။
“လေကြောင်းလိုင်းတွေကတော့ ၁၆ ရက်နေ့ကပင် ပြေးဆွဲခွင့်ကို အစိုးရအနေနဲ့ပေးတယ်။ ဒါပေမဲ့ ကျနော်တို့ မာန်အောင်-ရန်ကုန်-စစ်တွေ-ကျောက်ဖြူ စတဲ့ မြို့နယ်များကို ပြေးဆွေးမည့် လေကြောင်းလိုင်းတွေက ရက်အတိအကျ မသိရသေးဘူး” ဟု သူကပြောသည်။
မာန်အောင်-ရန်ကုန်-ကျောက်ဖြူ-စစ်တွေ စသည့် မြို့နယ်များကို မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ပြေးဆွဲလျှက်ရှိပြီး အဆိုပါ လေကြောင်းလိုင်းအား မပြေးဆွဲဘဲ ရပ်နားထားသည်မှာ တစ်နှစ်နီးပါးရှိနေပြီ ဖြစ်သည်။
မာန်အောင်မြို့နယ် အတွင်းသို့ ပြေးဆွဲနေသော ရေယာဉ်လိုင်းများမှာ ရွှေပြည်တန် အမြန်ရေယာဉ်၊ ရွှေလင်းယုန် အမြန်ရေယာဉ်၊ မေဃအားမာန်အမြန်ရေယာဉ် တို့ဖြစ်သည်။




