မျိုးသီရိကျော် | DMG
နိုဝင်ဘာ ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသော မရာမာကြီးတိုင်းရင်းသားများမှာ ကိုဗစ်ကာလအတွင်း စားဝတ်နေရေး ကျပ်တည်းနေသဖြင့် အကူအညီများလိုအပ်နေကြောင်း ပြောဆိုကြသည်။

မရာမာကြီးတိုင်းရင်းသားအများစုသည် ဈေး၊ ကားဂိတ်၊ သင်္ဘောဆိပ် စသည်တို့တွင် ကုန်တင်ကုန်ချ လုပ်ကိုင်သူများပြားပြီး အချို့မှာ အောက်ခြေသိမ်းအလုပ်များကိုလည်းကောင်း စသည်ဖြင့် လက်လုပ်လက်စား အဖြစ် လုပ်ကိုင်နေကြသူများဖြစ်၍ ကိုဗစ်ကာလ၌ စားဝတ်နေရေးကျပ်တည်းနေကြခြင်းဖြစ်သည်။

“ကိုဗစ်နဲ့ အပြင်ထွက်ပြီးအလုပ်လုပ်ရင်လည်း အရင်ကလိုမလုပ်ရဘူး။ ဆိုတော့ ကျနော်တို့မရာမာကြီးတွေမှာ အကူအညီပေးတာလည်းမရှိတော့ တော်တော်အခက်အခဲနဲ့ရင်ဆိုင်နေရတယ်” ဟု စစ်တွေမြို့ စက်ရုံစု ရပ်ကွက်နေ ဦးမောင်နုက ဆိုသည်။

ထို့အပြင် တည်ငြိမ်မှုမရှိသောဒေသများ၌ နေထိုင်ကြသူတို့မှာ လယ်ယာစိုက်ပျိုးခွင့်မရရှိကြဘဲ ကိုဗစ်ကာလ ဖြစ်နေ၍ အလုပ်အကိုင်အခွင့်အလမ်းလည်းမရှိဖြစ်နေကြောင်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ  (မရာမာကြီး) ကိုဝင်းမြင့်က ပြောသည်။

“ကျနော်တို့လူမျိုးကို အစိုးရကထောက်ပံ့တာ တစ်ခါမှမရှိသေးပါဘူး။ မရာမာကြီးအဖွဲ့အစည်းတစ်ခုက ထောက်ပံ့ တာတော့ရှိပါတယ်။ တခြားတိုင်းရင်းသားတွေလို ကျနော်တို့ကိုထောက်ပံ့တာမရှိပါဘူး” ဟု ၎င်းကပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်ရောဂါကြောင့် မြို့နယ်အသီးသီး၌ Stay Home နေထိုင်ရန်ညွှန်ကြားထား ခြင်းကြောင့် ဒေသခံများ စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေ၍ အခြေခံလူတန်းစားများအတွက် အဆင်ပြေ စေရန် တာဝန်ရှိသူများအနေဖြင့်ဆောင်ရွက်ပေးသင့်ကြောင်း ကျောက်ဖြူမြို့နယ်မှ (မရာမာကြီး) ကိုဇော်နိုင်ဦးက တောင်းဆိုသည်။

ရန်ကုန်တွင်ရှိသည့် မရာမာကြီးတိုင်းရင်းသား မဟာဗောဓိလူမှုရေးအသင်းမှ အလှူငွေများကောက်ခံကာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ စစ်တွေရှိ စားဝတ်နေရေးအလွန်ခက်ခဲသည့် မိသားစုတစ်စုလျှင်၂၇၀၀၀ ကျပ်နှုန်းဖြင့် စက်တင်ဘာလအတွင်းက ထောက်ပံ့ပေးမှုများ ရှိခဲ့သည်။

“ပြည်တွင်း၊ပြည်မမှာရောက်နေကြတဲ့ အလှူရှင်တွေဆီက အလှူငွေတွေကြောင့် ကိုဗစ်ကာလစားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့သူတွေကို ပထမတစ်ကြိမ်တော့ ထောက်ပံ့ပေးထားတယ်။ ကျနော်တို့အနေနဲ့ ဆက်လက် ပြီးတော့လည်း ထောက်ပံ့ပေးသွားဖို့ရှိပါတယ်” ဟု အဆိုပါလူမှုရေးအသင်း တာဝန်ခံ ကိုသန်းထွန်းက ရှင်းပြသည်။

ရခိုင်ပြည်နယ်အတွင်း၌ မရာမာကြီးတိုင်းရင်းသား လူဦးရေစုစုပေါင်း ၁ သောင်း ၁ ထောင်ခန့်ရှိပြီး စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မောင်တောနှင့် ကျောက်ဖြူမြို့နယ်တို့တွင် အများစုနေထိုင်ကြသည်။

Author: Admin