ဝင်းညွှန့်၊ ကျော်သူဌေး/DMG

ဇူလိုင် ၁၉၊ စစ်တွေ

(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးပြီး ဇူလိုင်လ ၁၉ ရက်၊နံနက် ၁၀ နာရီတွင် စစ်တွေမြို့၊ဦးဥတ္တမခန်းမတွင်ပြုလုပ်ခဲ့သည်။

ယခုနှစ် အာဇာနည်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၊ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင်နှင့် နိုင်ငံတော်အကြီးအကဲများစုံညီစွာတက်ရောက် သောကြောင့် “ထူးခြားသည့်နှစ်" ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အမှာစကားတွင် ထည့်သွင်းပြောခဲ့သည်။

“အရင်နှစ်တွေက ဒီလို အလေးပြုခွင့်မရခဲ့ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ဒါ ဒီနှစ်အတွက် အင်မတန်မှ ထူးခြား လာတာ တွေ့ရတယ်။ ရှေ့ကိုလည်းပဲ ဒီထက်ပိုပြီးတော့ ဒီလို ကျနော်တို့အတွက် အင်မတန်မှ တန်ဖိုးရှိတဲ့နေ့ကို ဆက်လက်ပြီး ကျင်းပသွားဖို့ လိုပါတယ်”ဟု ၎င်းကဆိုသည်။

ကိုလိုနီ ဘဝက လွတ်မြောက်ရန် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး အာဇာနည်ခေါင်းဆောင်များနှင့်တိုင်းရင်း သား ပြည်သူများ လက်တွဲပြီး ဆောင်ရွက်ခဲ့သောကြောင့် ကိုလိုနီဘဝက လွတ်မြောက်ခဲ့ရသည်။ သို့သော် အာဇာနည်ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးအရသာကို မခံစားခဲ့ရကြောင်းလည်း ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့သည်။

“ဒီနေ့ဟာ ကျွန်တော်တို့ မြန်မာ့သမိုင်းမှာ အထူးခြားဆုံး နေ့တစ်နေ့ဖြစ်ပါတယ်။ ဒီနေ့ဟာလည်းပဲ ကမ္ဘာတည်သရွေ့ မြန်မာ့သမိုင်းက ဘယ်တော့မှ ပျောက်ပျက်သွားမဲ့ နေ့မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် တန်ဖိုးကြီးမားသလို တန်ဖိုးဖြတ်လို့လည်း မရပါဘူး။ ကျွန်တော်တို့အတွက် အကြီးမားဆုံး ဆုံးရှုံးခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်လာပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဆုချီးမြှင့်ခဲ့သည်။ယင်းအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့်အစိုးရအဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

 အလားတူ အာဇာနည်နေ့အခမ်းတွင် စစ်တွေမြို့၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးတွင်လည်း ပြုလုပ်ခဲ့ သည်။ထိုပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် NLD ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

Author: Admin