- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
မြေပုံတွင် တပ်မတော်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးဟုဆို
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ယောချောင်းတံတားအနီးတွင် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များတို့မှတစ်ဆင့် သိရသည်။
10 Nov 2019

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၁၀ ၊ မြေပုံ
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ယောချောင်းတံတားအနီးတွင် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များတို့မှတစ်ဆင့် သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၉ နာရီကျော်အချိန်ခန့်က မြေပုံမြို့နယ် ဝက်ရူးကျေးရွာမှ လင်မယားနှစ်ဦးမှာ ရွာသာယာကျေးရွာသို့ စက်လှေဖြင့် ငါးရောင်းချရန်သွားစဉ် တပ်မတော်မှပစ်ခတ်သဖြင့် အသက် ၃၂ နှစ်အရွယ် ဒေါ်ဦးခင်သန်းမှာ လည်ပင်းအောက်၊ ဘယ်ဘက်ရင်အထက်တို့တွင် ကျည်ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“နံနက် ၉ နာရီကျော်ခန့်က သူတို့က ယောချောင်းတံတားကို ငါးရောင်းသွားပြီးအပြန်မှာ တပ်မတော်က ပစ်ခတ်လိုက်တယ်လို့ သိရပါတယ်။ ဒဏ်ရာတွေကတော့ ဘယ်ဘက်ရင်အုံထက်က ကျည်ဖောက်ဝင်ပြီးတော့ နောက်ကထွက်သွားတာ” ဟု ဝက်ရူးကျေးရွာမှ ဒေါ်ခင်မျိုးဆန်းက ပြောသည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ယောက်ျားဖြစ်သူ ဦးမောင်လှအေးမှာ ပေါင်တွင် ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ၏ရုပ်အလောင်းအား မြေပုံမြို့သို့ စက်လှေဖြင့်ယူဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဝက်ရူးကျေးရွာက ငါးရောင်းသွားသည့် လင်မယားနှစ်ဦးကို ရွာသာယာကျေးရွာတွင် ရောက်နေသည့် တပ်မတော်စစ်ကြောင်းက ဆိပ်ကမ်းမှနေ၍လှမ်းပစ်သည်ဟု ဒေသခံများ၏ပြောကြားချက်အရသိရပြီး ထိုကဲ့သို့ နေ့ခင်းပိုင်းအချိန်တွင်ပင် အရပ်သားများကို ပစ်ခတ်မှု မလုပ်သင့်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“(တပ်မတော်သားတွေ) ရွာကိုရောက်ရင် လုံခြုံရေးအရ လမ်းပိတ်တာရှိတယ်။ သို့သော်လည်း ညအချိန် မဟုတ်ပဲ နေ့ပိုင်းမှာ စက်လှေမှာ မိန်းမတစ်ဦးပါတယ်။ ငါးတွေလည်းပါတယ်ဆိုတော့။ (စစ်တပ်က) ခေါ်ယူ စစ်ဆေးလို့ရပါတယ်။ အခုလိုပစ်လိုက်တာတော့ မလုပ်သင့်ဘူး” ဟု ၎င်းကဆိုသည်။
တပ်မတော်က ပစ်ခတ်၍သေဆုံးခဲ့ရသည့်ကိစ္စအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG က မေးမြန်းရာ သူ့အနေဖြင့် ၎င်းသတင်းကို မကြားမိသေးကြောင်းဆိုသည်။
“အဲဒီကိစ္စကို ကျွန်တော်ကတော့ မကြားမိဘူးဗျာ။ သိရရင်ပြောပေးမယ် ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
ယခုသေဆုံးသွားသည့် ဒေါ်ဦးခင်သန်းမှာ တစ်နှစ်ကျော်အရွယ် သမီးငယ်တစ်ဦးကျန်ခဲ့ပြီး လက်ရှိတွင် ကိုယ်ဝန်လွယ်ထားသူဖြစ်ကြောင်း သိရသည်။