
အောင်ကောင်းဇော် | DMG
ဒီဇင်ဘာ ၁၆ ၊ မာန်အောင်
ရခိုင်ပြည်နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးရေး လုပ်ကိုင်သူများမှာ နေ့စဉ် မိသားစုဘဝ စားဝတ်နေရေးအတွက် ဝင်ငွေအဆင်ပြေကြောင်း မှိုစိုက်ပျိုးသူများထံမှ သိရသည်။
မှိုစိုက်ပျိုးသူများမှာ ယခင်နှစ်ထက် တိုးပွားလာပြီး စားသုံးသူများလည်း များပြားလာခြင်းကြောင့် မှိုစိုက်ပျိုးသူများအနေဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေ တစ်ခုရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလာကြောင်း မြောက်ဦးမြို့နယ်မှ မှိုစိုက်ပျိုးရေးလုပ်ကိုင်သူ ကိုသိန်းသိန်းက ပြောသည်။
“မှိုစိုက်ပျိုးတာက မိသားစု စားဝတ်နေရေးအတွက် အဆင်ပြေလာတယ်။ မှိုစိုက်ပျိုးသူတွေလလည်း များလာသလို စားသုံးသူတွေလည်း များလာတယ်။ အစ စိုက်ပျိုးတုန်းကဆို စားသုံးသူနည်းတယ်။ အခု တစ်နေ့ကို မှို ပိဿာ ၁၀ လောက် ရောင်းရတယ်” ဟု သူကပြောသည်။
အဓိက စိုက်ပျိုးသောမှိုများမှာ ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှိုများဖြစ်ကြပြီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြင့် ရောင်းချနေရကြောင်း မှိုစိုက်ပျိုးသူများထံမှ သိရသည်။
ထိုနည်းတူစွာ မာန်အောင်မြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုးသူများအနေဖြင့် စီးပွားရေး အဆင်ပြေသော်လည်း မျိုးစေ့ မှာယူရေးအပိုင်းတွင်း အခက်အခဲရှိ၍ မှိုများပြတ်လပ်မှုရှိကြောင်း မာန်အောင်မြို့နယ်မှ မှိုလုပ်ကိုင်သူ ဦးဇော်မင်းနိုင်က ပြောသည်။
“မှိုစိုက်တာကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ မျိုးစေ့မှာယူရေးအပိုင်းမှာ အခက်တွေ့တယ်။ မျိုးစေ့ကလည်း ကျနော်တို့ ထုတ်ဖို့ မတတ်ဘူး။ မာန်အောင်မှာတော့ မှိုတစ်ပိဿာကို ၅၀၀၀ နှင့် ရောင်းရတယ်” ဟု သူကပြောသည်။
ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှိုအပြင် ကောက်ရိုးမှိုပါ စိုက်ပျိုးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သူက ထပ်မံပြောသည်။
မှိုစိုက်ပျိုးရေလုပ်ငန်း လုပ်ကိုင်လိုသူများအနေဖြင့် ပြည်မ သင်တန်းကျောင်းများတွင် သွားရောက်ပြီး သင်ကြားရန်မလိုဘဲ မြောက်ဦးမြို့နယ်တွင် မှိုစိုက်ပျိုးရေး သင်တန်းကျောင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း မြောက်ဦးမြို့နယ် မှိုစိုက်ပျိုးရေးလုပ်ကိုင်သူများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း မှိုစိုက်ပျိုးရေး လုပ်ငန်းများကို ၂၀၁၈ ခု နှစ်ကတည်းကပင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လာကြကြောင်း မှိုစိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရသည်။




