ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် မောင်ရှာကေခါဘေဘီအား တွေ့ရစဉ်။

 

ချလူးအောင် | DMG
မေ ၁၂ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာတွင် ယနေ့မေလ ၁၂ ရက် နံနက် ၁၁ နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မွတ်ဆလင်ကလေးငယ်နှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှာကေ(မွတ်ဆလင်)ကျေးရွာတွင် နေထိုင်သည့် ရန်ဟဲလ်နာ ၁၀ နှစ်၊ အဒူလာမိန် ၁၅ နှစ်နှင့် ဖုံညိုလိပ် ကျေးရွာမှ ရှာကေခါဘေဘီ ၁၂ နှစ်တို့သည် သရက်သီးခူးရန်အတွက် သရက်ပြင်ကျေးရွာသို့ သွားရောက်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှာကေကျေးရွာတာဝန်ခံ ဖူလ်ဆီရာမောက်က DMG ကို ပြောသည်။

“သူတို့သုံးယောက်က သရက်ပြင်ရွာကို ထင်းရှာဖို့နဲ့ သရက်သီးခူးဖို့သွားတာလို့တော့ သိရတယ်။ မိုင်းက ဘယ်သူ ထောင်တာလဲတော့ ဘယ်သူသိမလဲ။ သရက်ပြင်မှာလည်း အခု လူနေထိုင်တာမရှိဘူး”ဟု ၄င်းကဆိုသည်။

ပေါက်ကွဲမှုဖြစ်စဉ်တွင် ရန်ဟဲလ်နာမှာ ဦးခေါင်းပွင့်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးသွားခဲ့ပြီး အဒူလာမိန်မှာ ညာဖက်ခြေထောက်ပြတ်သွားခဲ့သဖြင့် ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်တွင် သေဆုံးသွား ခဲ့သည်။ နောက်ထပ်တစ်ဦးဖြစ်သည့် ရှာကေခါဘေဘီမှာ ညာဘက်လက်မောင်း၌ ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာတာဝန်ရှိသူများက ပြောသည်။

ယခုပေါက်ကွဲမှုသည် မိုင်း(သို့မဟုတ်) စစ်ကျန်လက်နက် တစ်ခုခုဖြစ်မည်ဟု ဒေသခံများက သုံးသပ်ပြောဆို ကြသည်။

သရက်ပြင်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက တပ်မတော်နှင့် ရက္ခိုင့် တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံကျေးရွာသားများမှာ မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လျက် ရှိနေသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဧရိယာအတွင်းရှိ ကျေးရွာများ၌ လက်နက်ကြီးနှင့် စက်ကျန်လက်နက်များ ကျန်ရှိ နေကာ အဆိုပါလက်နက်များနှင့် မိုင်းများပေါက်ကွဲမှုကြောင့် တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးမှုမှာ မြင့်တက်လာနေရသည်။

Author: ချလူးအောင်