- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
တပ်မတော်စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် မင်းပြားဒေသခံ ၂၀၀၀ ကျော် ထွက်ပြေး
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးရှိ မင်းရွာ၊ မြစ်နားရွာနှင့် ထောင့်ချေကျေးရွာတို့ကို တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်လာမှုကြောင့် ဒေသခံများစိုးရိမ်ကာ လူဦးရေ ၂၀၀၀ ကျော်ခန့် ကျေးရွာမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
06 May 2020
နှင်းနွယ် | DMG
မေ ၆ ၊ မင်းပြား
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးရှိ မင်းရွာ၊ မြစ်နားရွာနှင့် ထောင့်ချေကျေးရွာတို့ကို တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်လာမှုကြောင့် ဒေသခံများစိုးရိမ်ကာ လူဦးရေ ၂၀၀၀ ကျော်ခန့် ကျေးရွာမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
မေလ ၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ရာမောင်တံတားအနီးရှိ ဖားပြိုတောင်ဦးမှလာသော တပ်မတော်စစ်ကြောင်းသည် အုပ်စုများခွဲကာ ကျေးရွာများအတွင်းသို့ ဝင်ရောက်ပြီး ရွာသားများကို စစ်ဆေးမှုများရှိသဖြင့် ယင်းသို့ ကြောက်လန့်ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း ထောင့်ချေကျေးရွာမှ ဦးစိန်သာက ပြောသည်။
“သူတို့က ပထမဆုံး မင်းရွာကိုဝင်လာပြီးတော့ ပစ်တယ်။ ပြီးတော့မှ မြစ်နားရွာနဲ့ ထောင့်ချေရွာတွေကို အဆင့်ဆင့် ဝင်လာတယ်။ သူတို့က မြစ်နားရွာနဲ့ ထောင့်ချေရွာကြားက ဘောလုံးကွင်းကိုရောက်တာနဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ်။ ပြီးတော့ ရွာတစ်ရွာချင်းစီက လူငါးယောက်လောက်ကို ဘုန်းကြီး ကျောင်းကိုခေါ်ပြီးတော့ (AA)နဲ့ အဆက်အသွယ်မလုပ်ဖို့ ပြောတယ်”ဟု ၎င်းကဆိုသည်။
၎င်းကျေးရွာ (၃)ရွာသည် တစ်ရွာနှင့်တစ်ရွာ ဆက်စပ်လျက်ရှိကာ တပ်မတော်စစ်ကြောင်းက တစ်စုံတစ်ရာ ပြုလုပ်မည်ကို စိုးရိမ်သဖြင့် ကျေးရွာသားများမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်ကြောင်း မင်းရွာကျေးရွာမှ ဦးကျော်ကြီးကပြောသည်။
“သူတို့ ရွာကိုဝင်လာပြီဆိုကတည်းက ဒေသခံတွေက စိုးရိမ်နေကြပြီ။ ရွာတွေကို မီးရှို့မှာ၊ လူတွေကို စစ်ဆေး မေးမြန်းပြီးတော့ တစ်စုံတစ်ခုလုပ်မှာကို ဒေသခံတွေက အကုန်ကြောက်ကြတယ်။
အနီးအနားရွာတွေမှာလည်း အိမ်တွေကို မီးရှို့ပြီးတော့ လူတွေကိုနှိပ်စက်တာတွေကို ကြားရတော့ အဲဒီလိုလုပ်မှာကို အရမ်းစိုးရိမ်တယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အဆိုပါ ကျေးရွာ(၃)ရွာမှ ဒေသခံများမှာ နီးစပ်ရာကျေးရွာများဖြစ်သည့် နရမ်းကျေးရွာ၊ ဇီးပင်ကြီးကျေးရွာ နှင့် မင်းပြားမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
အင်အား(၇၀)ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းသည့် မင်းရွာ၊ မြစ်နားရွာနှင့် ထောင့်ချေကျေးရွာများသို့ ပစ်ခတ်ဝင်ရောက်ကာ ကျေးရွာသားများအား စစ်ဆေးမှုများပြုလုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်ကပြောသည်။
“အခုလို စစ်ဆင်ရေးကာလမှာ လူ့အခွင့်အရေးကို ချိုးဖောက်ပြီးတော့ ရွာထဲကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ စစ်ဆင်ရေးကို ရွာထဲကပဲလုပ်တယ်။ ပြီးတော့ ရွာသားတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေကို မဖြစ်စေချင်သလို ဒီလိုလုပ်ရပ်မျိုးတွေက လုပ်လည်းမလုပ်သင့်ဘူး”ဟု ၎င်းကပြောသည်။
မင်းပြားမြို့နယ်၊ မင်းရွာ၊ မြစ်နားရွာနှင့် ထောင့်ချေကျေးရွာများတွင် ဧပြီလတတိယအပတ်က ကျေးရွာအတွင်း သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် အရပ်သားတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။