မျိုးသီရိကျော်၊ နှင်းနွယ် | DMG
ဧပြီ ၂၃ ၊ မင်းပြား
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့၊ ညနေပိုင်းက ပစ်ခတ်မှုများရှိခဲ့သောကြောင့် လူလေးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။
သေဆုံးသူများထဲတွင် စန်းဘလေကျေးရွာမှ အသက် (၁၇)နှစ်အရွယ် အီစူအာလီဆိုသည့် မွတ်ဆလင်တစ်ဦး လည်းပါဝင်သည်။ ထို့ပြင် မင်းပြားမြို့၊သံထောင်ရပ်ကွက်မှ ကိုသန်းထွန်း (၃၁ နှစ်)၊ ဦးကျော်မြတ်ထွန်း (ခေါ်) ထွန်းနုချေ၊ နရမ်းကျေးရွာမှ ဦးစံဦးကျော် (၆၀ နှစ်)တို့လည်း ကျည်ထိမှန်သေဆုံးသွားသည်။
သံထောင်ရပ်ကွက်တွင် နေထိုင်သူနှစ်ဦးမှာ မြို့ထဲမှတစ်ဆင့် မိမိတို့သံထောင်ရပ်ကွက်သို့ ဆိုင်ကယ်ဖြင့်သွားရာတွင် အလယ်ပိုင်းရပ်ကွက်၊ စွန်ရဲလမ်း၊ မီးစက်ကြီးအနီးတွင် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ကိုသန်းထွန်း၏အစ်ကို ဦးသန်းထိုက်ဦး(ခ)လိပ်ပြာက ပြောသည်။
“အကိုတစ်ယောက်အနေနဲ့တော့ ဝမ်းနည်းတာပေါ့ဗျာ။ သူတို့ နှစ်ယောက်က အရမ်းချစ်ကြတဲ့သူငယ်ချင်း တွေပါ။ သွားအတူလာအတူ။ အခုတော့ သေလည်းအတူတူပေါ့ဗျာ”ဟု ၄င်းကဆိုသည်။
မြို့ထဲသို့ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်လာသည့်အချိန်တွင် ၁မိနစ်ခန့် ပစ်ခတ်သံများ ကြားပြီးနောက် ၄င်းအနီးနားမှ ဒေသခံတချို့ထွက်ကြည့်ရာ ၄င်းတို့နှစ်ဦး သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
အလားတူ မင်းပြားမြို့နယ် နရမ်းကျေးရွာမှ ဦးစံဦးကျော်မှာလည်း ကျေးရွာအနီးမှ ကျွဲများကိုယူဆောင်လာစဉ် ရာမောင်တံတားဘက်မှ ပစ်ခတ်လိုက်သည့် ကျည်ဆံကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း သားဖြစ်သူ ကိုခင်မောင်ဝင်းက DMG သို့  ပြောသည်။
“ကျနော်တို့အဖေ သေဆုံးသွားလို့ မိသားစုပြိုကွဲသွားတာမျိုးတော့ မဖြစ်ဘူးပေါ့။ ဒါပေမယ့် အိမ်တစ်အိမ်မှာက အိမ်ထောင်ဦးစီးက အရမ်းအရေးပါတယ်။ အိမ်ထောင်ဦးစီးမရှိတဲ့ မိသားစုတစ်စုဟာ အဖွဲ့အစည်းတစ်ခုမှာ ဆရာ မရှိတော့သလိုပဲ။ အိမ်တွင်းရေး စီမံခန့်ခွဲမှုတွေမှာဆိုလည်း အားတစ်အား လျှော့သွားသလို ခံစားရတယ်” ဟု ၄င်းက ဆိုသည်။
ထို့ပြင် မင်းပြားမြို့နယ်၊ စန်းဘလေ မွတ်ဆလင်ကျေးရွာမှ အီစူအာလီမှာလည်း နရမ်းကျေးရွာအနီး နွားကျောင်းနေစဉ် ပစ်ခတ်သံများကြားသည့်အတွက် မိမိကျေးရွာသို့ ပြန်လာရာလမ်း၌ လက်နက်ကျည် ထိမှန်ခဲ့ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းရွာသည် ရာမောင်းတံတားအနီးတွင် တည်ရှိသည်။
ထိုပစ်ခတ်မှုများကြောင့် စန်းဘလေကျေးရွာမှ နေအိမ်အတွင်း နေထိုင်နေသည့် မွတ်ဆလင် (၆)ဦးမှာလည်း ဒဏ်ရာအသီးသီး ရရှိသွားခဲ့ပြီး နရမ်းကျေးရွာသားများမှာလည်း နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် သေဆုံးသူများထဲမှ မွတ်ဆလင်လူငယ်အား ယနေ့ နံနက်ပိုင်းက မီးသင်္ဂြိုလ်ခဲ့ပြီး ကျန်သုံးဦး၏ ရုပ်အလောင်းအား ယနေ့သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်များထံက သိရသည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် မင်းပြားမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၂ ရက်နေ့၊ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် မင်းပြားမြို့ဘက်မှ ရာမောင်တံတားဘက်သို့ YAMAHA(FZ) အမျိုးအစား ဆိုင်ကယ်ဖြင့် အမျိုးသား ၂ ဦးမောင်းနှင်လာသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရန် အော်ဟစ်တားမြစ်စဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာ ဆက်လက်မောင်းနှင်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးက ခြောက်လှန့်ဟန့်တား ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အရပ်ဝတ်များ ဝတ်ဆင်၍ လဲကျသေဆုံးနေသည့် အသက် ၂၅ နှစ်ခန့်အရွယ်ရှိ အမည်မသိ အမျိုးသား ၁ ဦးနှင့် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမည်မသိ အမျိုးသား ၁ ဦးတို့ကို ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိရပြီး ၎င်းအနီးမှ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် မိုင်းထောင်ဖောက်ခွဲရန် အသုံးပြုသည့် ဖြူးစ် ၃ ချောင်း၊ ဝါးညှပ်နင်းခလုတ် ၁ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်အသေးစိတ်သိရှိနိုင်ရန်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို DMG ကဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် ဧပြီလ ၂၀ ရက်နေ့က UN တံဆိပ်ပါ WHO ကားတစ်စီးပစ်ခတ်ခံရ၍ ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့ကကလည်း CPS ပိုးသတ်ဆေး ကုမ္ပဏီမှကားတစ်စီး ပစ်ခတ်ခံရကာ ဝန်ထမ်းတစ်ဦး သေဆုံးသွားသည်။
DMG ကရရှိထားသည့် အချက်အလက်များအရ မင်းပြားမြို့နယ်တွင် ဧပြီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း သေဆုံးသူ (၈)ဦးအထိရှိကာ ဒဏ်ရာရရှိသူ (၁၅)ဦးအထိရှိသည်။




