- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
မင်းပြားတွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာနှင့် ချောင်းနက်(ချင်း)ကျေးရွာတို့တွင် မတ်လ ၃၀ ရက်နေ့၊ ညနေ ၄ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားသည်ဟု မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ပြောသည်။
31 Mar 2020
ဝင်းညွန့် | DMG
မတ် ၃၁၊ စစ်တွေ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာနှင့် ချောင်းနက်(ချင်း)ကျေးရွာတို့တွင် မတ်လ ၃၀ ရက်နေ့၊ ညနေ ၄ နာရီခန့်က လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားသည်ဟု မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်က ပြောသည်။
ယင်းသို့ သေဆုံး၊ဒဏ်ရာရရှိသွားမှုမှာ လေယာဉ်ပေါ်မှ ပစ်ခတ်မှုကြောင့်ဟု ဦးလှအောင်ညွှန့်ကဆိုသည်။ ထို ပြောချက်နှင့်ပတ်သက်ပြီး တပ်မတော်တုန့်ပြန်ချက် ရရှိရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ် မှူးကြီး ဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
မေလွန်းကျေးရွာမှ သေဆုံးသွားသူမှာ မောင်ညီမြင့်လွင်(၁၆ နှစ်) ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မောင်ညီမြင့်လွင် ၏ ဖခင်ဖြစ်သူ ဦးအောင်ကျော်စိန် (၅၅ နှစ်) နှင့် မိခင်ဖြစ်သူ ဒေါ်မခင်တင့်(၅၄ နှစ်) တို့ဖြစ်သည်။
၎င်းမိသားစုမှာ မိမိအိမ်၌ ထမင်းစားနေစဉ် လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ကျွန်တော့်တို့ ရွာအထက်ကနေ တပ်မတော်လေယာဉ်နှစ်စီးက ပျံဝဲပြီးတော့ လက်နက်ကျည်တွေပစ်တယ်။ သူတို့မိသားစုက ထမင်းစားနေကြတယ်။ အဲဒီမှာ လာထိတာ။ သားတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ မိဘတွေကတော့ ဒဏ်ရာရသွားတယ်။ မနေ့က တိုက်ပွဲဖြစ်တာလည်း မရှိဘူး” ဟု ၎င်းကဆိုသည်။
ဦးအောင်ကျော်စိန်မှာ ညာဖက်ခြေထောက်တွင် ကျည်ထိမှန်သွားပြီး ဒေါ်မခင်တင့်မှာ ညာဖက်ပေါင်တွင် ကျည်ထိမှန်သွားသည်။ ဒဏ်ရာရရှိသူများမှာ မင်းပြားဆေးရုံတွင် ဆေးကုသမူခံယူနေရသည်။
အလားတူ ချောင်းနက်(ချင်း)ရွာတွင်လည်း လေကြောင်းပစ်ခတ်မှုကြောင့် အသက် (၅၁)နှစ်အရွယ် ချင်းအမျိုးသား ဦးမောင်သန်းစိန် သေဆုံးသွားသည်။ ၎င်းသည် မိမိနေအိမ်၌ ထိုင်နေစဉ် ကျည်ဆန်ထိမှန် သေဆုံးသွားခြင်းဖြစ်ဖြစ်သည်ဟု ညီဖြစ်သူ ဦးဝင်းမောင်က ပြောသည်။
“မနေ့က လက်နက်ပစ်တဲ့အချိန်မှာ သူက အိမ်အောက်မှာ ထိုင်နေတယ်။ လက်နက်သံတွေကြားတော့ သူက ဗုံးခိုကျင်းထဲကို ဝင်ပြေးတယ်။ အဲဒီမှာ နောက်ကျောကို ကျည်ထိသွားလို့ ဆုံးသွားတာ။ နောက်အိမ်တွေ မှာလည်း ကျည်ကျလို့ အိမ်ခေါင်တွေ ပေါက်သွားတယ်”ဟု ၎င်းကဆိုသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ကြာမြင့်လာသည်နှင့်အမျှ အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှု အရေအတွက်လည်း တဖြည်းဖြည်းမြင့်တက်လာသည်။