
မျိုးသီရိကျော် | DMG
မတ် ၅ ၊ မင်းပြား
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နရမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားတစ်ဦး အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။
အသက် (၅၉) နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြစိန်နှင့် အသက်(၃၀)အရွယ် ကိုရန်အောင်ချေတို့မှာ မတ်လ(၂)ရက်နေ့၊ ညနေ(၈)နာရီအချိန်ခန့်ကပင် ပျောက်ဆုံးနေခြင်းဖြစ်သည်။
အဆိုပါနှစ်ဦး ပျောက်ဆုံးနေသည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရပြီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် လူပျောက်စာရင်းတိုင်ထားကြောင်း၊ တပ်မတော်မှ ဖမ်းဆီးသွားခြင်း ဟုတ်၊မဟုတ် မသိရှိသေးကြောင်း မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
“လူတွေတော့ ပျောက်နေကြတယ်။ အခုဖမ်းဆီးနေတဲ့အပေါ်မှာ သံသယနဲ့ ဖမ်းတယ်ဆိုရင်တော့ အပြစ်မရှိရင် ပြန်လွှတ်ပေးစေချင်တယ်။ အပြစ်ရှိတယ်ဆိုရင်လည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပေးစေချင်တယ်” ဟု ၄င်းကဆိုသည်။
ယင်းနေ့က ကျေးရွာအတွင်း အရက်မူးယစ်နေသူများကို ရန်မဖြစ်ကြဖို့ တားမြစ်ရန်သွားရောက်စဉ် ရွာထဲတွင် တပ်မတော်၏ ဖမ်းဆီးမှုခံရခြင်းဟု မျက်မြင်သက်သေ အုပ်ချုပ်ရေးမှူး၏ညီ ဦးမောင်ဘုက DMG သို့ပြောသည်။
“ကျနော်တို့အစ်ကိုက မမှန်မကန် လုပ်နေတာလည်းမရှိဘူး။ အဖက်ဖက်ကို အကူညီပေးနေတဲ့ လူတစ်ယောက်ပါ။ ကျနော့်အစ်ကိုနဲ့တွေ့ချင်တယ်။ သူ့မှာဘာအပြစ်မှမရှိဘူး”ဟု ညီဖြစ်သူက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကိုဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။




