ဓာတ်ပုံ - ညီညီအောင်

ကျော်သူဌေး | DMG

သြဂုတ် ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ရာမောင်တံတားအနီးမှာ သြဂုတ်လ ၁၄ ရက် နေ့လည် ၁၂ နာရီခန့်က မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများလည်းရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ကားတစ်စီး အနည်းငယ်ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ပစ်ခတ်မှုများကြောင့် နရမ်းဘုန်းတော်ကြီးကျောင်းအနီး လယ်ကွင်းပြင်တွင် လက်နက်ကြီး ၂ လုံး ကျရောက်ခဲ့ပြီး ကံရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်လည်း လက်နက်ကြီးတစ်လုံး ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကျောင်းမှာ သံဖြူတွေလဲ ပေါက်ထွက်သွားတယ်၊ ပျဉ်တွေလဲပေါက်သွားတယ်။ ပြီးတော့ ဓမ္မာရုံနဲ့ တစ်တောင်လောက်အကွာမှာ တစ်လုံးကျတယ်၊ ကျတဲ့နေရာမှာ အင်းအိုင်လိုဖြစ်သွားတယ်။ ကျည်စတွေက ဓမ္မာရုံမှာကျလို့ တံတိုင်းတွေ ဆန်ခါပေါက်လို ဖြစ်သွားတယ်၊ ကျည်ဖူးလဲ ရထားတယ်” ဟု ကံရွာာဆရာတော်က မိန့်သည်။

မင်းပြားမြို့နယ် ရာမောင်တံတားအနီးတွင် ဆွဲမိုင်းနှစ်လုံးပေါက်ကွဲခဲ့ခြင်းသာဖြစ်ပြီး ပစ်ခတ်မှုများမရှိခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“အဲ့နားမှာ ယာဉ်တန်းဖြတ်သွားတဲ့အချိန်မှာ ဆွဲမိုင်းနှစ်လုံးဆွဲတာ ဒါပါပဲ၊ အဓိက ရီမုတ်မိုင်းနဲ့ခွဲတာ၊ ယာဉ်တန်းကတော့ဘာမှမဖြစ်ဘူး။ အဲဒီမှာ လမ်းသွားလမ်းလာထဲကတော့ ဒဏ်ရာရတယ်လို့တော့ကြားတယ်၊ ဘယ်ကလဲတော့မသိဘူး။ ပစ်ခတ်မှုကတော့ မရှိပါဘူးခင်ဗျာ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

မင်းပြားမြို့နယ် နရမ်းကျေးရွာနှင့် ကံရွာကျေးရွာကြားတွင် စစ်ပစ္စည်းများ သယ်ဆောင်လာသည့် တပ်မတော်ယာဉ်တန်းကို ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။

အဆိုပါတပ်မတော်ယာဉ်တန်းတွင် ကား ၅ စီးပါဝင်ပြီး တိုက်ခိုက်မှုကြောင့် ကား ၂ စီးတွင်ပါရှိသည့် တပ်မတော်သား အနည်းဆုံး ၃၀ ဦးခန့်အထိသေဆုံးခဲ့ပြီး၊ ကျန်ကား ၃ စီးမှ တစ်နာရီခန့် နေရာအနှံ့ ရမ်းသန်းပစ်ခတ်မှုများရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Author: Admin