မေလွမ်းကျေးရွာမှ ကျည်ထိမှန်ဒဏ်ရာရရှိသွားသည့် ဦးကျော်ခိုင် ဆေးကုသမှုခံယူနေစဉ်။ (ဓာတ်ပုံ-ဦးသန်း ထွန်း)

အောင်ထိန် | DMG
ဧပြီ ၂၂ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာအနီးတွင် ဧပြီလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့်က တပ်မတော်ပစ်ခတ်မှုကြောင့် မေလွမ်းရွာသားတစ်ဦး သေဆုံးသွားကြောင်း ဖခင်ဖြစ်သူ ဦးကျော်လှဦးက DMG သို့ ပြောသည်။

အသက် (၃၁)နှစ်အရွယ် ဦးကျော်ဝင်းချေ (ခ) ကျော်ဝင်းမှာ ရွာနှင့်တစ်မိုင်ခန့်ဝေးကွာသည့် မနီချောင်းတံတားဘက်မှ ငါးရှာ၍ပြန်လာစဉ် ရွာအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“သူပြန်လာတဲ့အခါ ဘုရားတောင်ဘက်ကလာတဲ့ စစ်ကြောင်းတစ်ခုနဲ့တွေ့တယ်။ အဲဒီမှာ သူကသွားရမလို၊ မသွားရမလိုလုပ်နေတော့ တပ်ကလှမ်းပြီးပစ်ခတ်လိုက်တယ်။ အဲဒါကို ကျနော့်ဇနီးလည်း မြင်လိုက်တယ် ” ဟု ဦးကျော်လှဦးက ပြောသည်။

အဆိုပါ တပ်မတော်စစ်ကြောင်းသည် မေလွမ်းကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘုရားတောင်ဘက်မှ သေနတ်ပစ်ဖောက် ဝင်ရောက်လာခြင်းဖြစ်ကာ ရွာတွင်းသို့ဝင်ရောက်ပြီး AA နှင့်ပတ်သက်ကာ စစ်ဆေးမေးမြန်းမှုအချို့ ရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

တပ်မတော်ဘက်က မေလွမ်းကျေးရွာကိစ္စနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ထားပြီး သေဆုံးသူမှာ ဦးကျော်လှဦး၏ သားဖြစ်သူ ဦးမောင်ကျော်ကျော်ဝင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ဦးကျော်လှဦးက ၎င်း၏ သားအမည်မှန်မှာ ဦးကျော်ဝင်းချေဖြစ်သည်ဟု ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ မေလွမ်းကျေးရွာသို့ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် ရွာအတွင်းမှ အမျိုးသား (၁)ဦးသည် ဆိုင်ကယ်စီးနင်းလာသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရန်တားမြစ်ခဲ့သည်။ သို့သော် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ခြောက်လှန့် ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်အား ရပ်တန့်၍ တောင်ဘုတ်ကေကျေးရွာဘက်သို့ ထွက်ပြေးသွားသဖြင့် ထပ်မံ ခြောက်လှန့်ပစ်ခတ်ခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လဲကျသေဆုံးနေသည့် အမျိုးသား ၁ ဦးနှင့်အတူ အနီးရှိဆိုင်ကယ်တူးဘောက်စ် အတွင်းမှ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ဓား ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖခင်ဖြစ်သူ ဦးကျော်လှဦး၏ ပြောကြားချက်အရ သေဆုံးသူမှာ လွန်ခဲ့သော ၁၃ နှစ်ခန့်က ကချင်ပြည်နယ်ဘက်သို့ ကျောက်တူးလုပ်ငန်း သွားရောက်လုပ်ကိုင်ခဲ့ပြီး ကျေးရွာသို့ ပြန်လည်ရောက်ရှိလာသည်မှာ ၆ လခန့်သာရှိသေးကြောင်း၊ ၎င်းသည် AA နှင့် ပတ်သက်ဆက်နွယ်သူဖြစ် ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

ဖခင်ဖြစ်သူကို DMG ကဆက်သွယ်မေးရာတွင် သားဖြစ်သူမှာ ကချင်ပြည်နယ်က ပြန်လာခြင်းဟုသာ တပ်မတော်ကို ဖြေကြားလိုက်ပြီး AA နှင့်ဆက်နွယ်မှု ရှိ၊မရှိ မဖြေဆိုလိုက်ကြောင်း ပြောသည်။

“ကျနော့်သားက ဆိုင်ကယ်မောင်းဖို့လည်း မတတ်ဘူး။ ကျနော်တို့မှာ ဆိုင်ကယ်လည်းမရှိဘူး။ ကျနော့်သားက AA နဲ့လည်း အဆက်အသွယ်မရှိဘူး။ ကျနော်နဲ့အတူ ဓနိလက်ခုတ်ပြီး လုပ်ကိုင်စားသောက်နေတာပါ”ဟု ဦးကျော်လှဦးက ပြောသည်။

ယင်းနေ့က ပစ်ခတ်မှုဖြစ်စဉ်တွင် မိမိနေအိမ်တွင် ထမင်းစားနေသည့် အသက် (၇၃)နှစ်အရွယ် ဦးကျော်ခိုင်မှာ ကျည်ဆံထိမှန်၍ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသွားသည်။ ၎င်းကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေသည်ဟု တူဖြစ်သူ ကိုဝင်းကိုနိုင်က ပြောသည်။

မင်းပြားမြို့နယ်တွင် ဧပြီလ ၂၀ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့အတွင်း ပစ်ခတ်ခံရမှုများကြောင့် WHO ဝန်ထမ်း တစ်ဦးအပါအဝင် လေးဦးသေဆုံးသွားပြီး (၉)ဦးခန့် ထိဒဏ်ရာရရှိသွားသည်ကို DMG က စုံစမ်းသိရှိရသည်။

Author: Admin