ဓာတ်ပုံ - Ann Tharr Gree

နှင်းနွယ် | DMG
မေ ၈ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ရာမောင်တံတားအနီးတွင် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချနေသည့် အမျိုးသမီးတစ်ဦး မေလ ၇ နေ့ မွန်းလွဲ(၂)နာရီခန့်က ကျည်ထိမှန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူအမျိုးသမီးမှာ မင်းပြားမြို့နယ်၊ အမ်းသားကျေးရွာမှ ဒေါ်အေးချမ်းခိုင် (၃၆)နှစ်ဖြစ်ပြီး ရာမောင်တံတားအနီးရှိ ရဲလုံခြုံရေးဂိတ်အနီးတွင် လက်ဖက်ရည်နှင့် အအေးရောင်းချနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းသည် ဆိုင်အတွင်းထိုင်နေစဉ် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အမ်းသားကျေးရွာမှ ကိုလေးဖြူက ပြောသည်။

“ပထမတော့ ရာမောင်တံတားအရှေ့ဘက်ကနေပြီးတော့ လက်နက်ကြီးပစ်ခတ်သံတွေကိုကြားရတယ်။ တောင်တန်းတွေကို လေယာဉ်နဲ့ပစ်တာတွေကိုလည်း မြင်ရတယ်။ ခဏကြာတော့ လက်နက်ငယ်ပစ်ခတ်သံတွေ ကြားရပြီးတော့ သူ့ဆီကိုကျည်လာထိတာ” ဟု ၄င်းက ဆိုသည်။

ဒေါ်အေးချမ်းခိုင်မှာ ဘယ်ဘက်ခြေသလုံးတွင် ကျည်ဆံထိမှန်သွားခဲ့သဖြင့် လက်ရှိ မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေရကာ ၎င်းဆိုင်မရောင်းချနိုင်သဖြင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲရှိလာနိုင်ကြောင်း ပြောသည်။

“ကျွန်မမှာ သားသမီးသုံးယောက်ရှိတော့ ဆိုင်တစ်ရက်မရောင်းရင် တစ်ရက်ဖိုးအတွက် စားဝတ်နေရေးက သိပ်အဆင်မပြေဘူး။ အလုပ်အကိုင်အဆင်မပြေတဲ့ကြားက ဒီဆိုင်လေးဖွင့်ပြီးလုပ်စားနေရတာ။ ပြီးတော့ ဒီဆိုင်ဖွင့်ဖို့အတွက် သူများဆီကေ ငွတွေချေးယူထားရတာ။ အခုလိုကျည်ထိပြီး ဆိုင်မရောင်းနိုင်တော့ မိသားစုအတွက် အခက်အခဲဖြစ်တယ်” ဟု ဒဏ်ရာရရှိသွားသူ ဒေါ်အေးချမ်းခိုင်က ဆိုသည်။

မေလ ၇ ရက်နေ့ နေ့လည်(၁)နာရီခန့်က ရာမောင်တံတားအရှေ့ဖက်တောင်တန်းတွင် တပ်မတော်နှင့် ရက္ခိုင့် တပ်တော်(AA)တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဒေါ်အေးချမ်းခိုင်အားထိမှန်ခဲ့သည့် ကျည်ဆံမှာလည်း တိုက်ပွဲဖြစ်ပွားသည့်နေရာမှ လာရောက်ထိမှန်ခြင်းဖြစ်ကြောင်း မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်က ဆိုသည်။

“ဒီလိုလက်နက်ကိုင်တွေ နှစ်ဖက်ပစ်ခတ်မှုဖြစ်စဉ်အတွင်းမှာ ရမ်းသမ်းပစ်ခတ်တာပဲဖြစ်ဖြစ်၊ တမင်ရည်ရွယ်ပြီးတော့ ပစ်ခတ်တာဘဲဖြစ်ဖြစ် အခုလို အရပ်သားတွေထိခိုက်ဒဏ်ရာရတာကတော့ လူ့အခွင့်အရေးနဲ့ လုံးဝမညီညွှတ်ဘူး။ တိုက်ပွဲအတွင်းမှာ ထိန်းသိမ်းလိုက်နာရမယ့် စည်းကမ်းတွေနဲ့လည်း မကိုက်ညီဘူး” ဟု ၄င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်အထိ ကြာမြင့်လာနေပြီး တိုက်ပွဲကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိမှုမှာလည်း မြင့်တက်လာနေသည်။

Author: Admin