မြေပုံမြို့နယ်သည် အင်တာနက်ဖြတ်တောက်ခံထားရသည့်မြို့နယ်ဖြစ်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဇူလိုင်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲသည် မြို့နယ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားသည့်တိုက်ပွဲဖြစ်သည်။
ဝင်းညွန့် | DMG
ဇူလိုင် ၂၂၊ စစ်တွေ
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ မြေပုံမြို့နယ်၊ ပေါက်တူးတောင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာများတွင် တပ်မတော်စစ်ကြောင်းများ ရောက်ရှိနေသောကြောင့် စိုးရိမ်မှုများရှိသဖြင့် ကမ်းထောင်းကြီးမြို့သို့ ထွက်ပြေးသွားကြသည်။
ပေါက်တူးတောင်၊ ရေခေါင်းချိန်၊ ကျေးတော၊ စက်ခွေ စသည့်ကျေးရွာက ဒေသခံ (၁၁၈၄) ဦးသည် ဇူလိုင်လ ၂၀ ရက်နေ့ကစတင်ပြီး ကမ်းထောင်ကြီးမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ကို ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် နေရာချပေးထားသည်။
“ကျွန်တော်တို့ ဒေသလူတွေက စစ်ပွဲတွေ၊ ဘာတွေလည်း မမြင်ဖူးဘူး။ အတွေ့အကြုံလည်းမရှိဘူး။ စစ်သားတွေ ရွာကိုအလုံးကြီးရောက်လာတော့ ကြောက်လို့ထွက်ပြေးတာက တစ်ကြောင်း၊ နောက်ပြီးတော့ ရွာမှာ ကျန်နေတဲ့လူတွေက အခြေအနေကြည့်ပြီး ကျန်နေတဲ့လူတွေလည်း ကျန်နေတယ်။ အဲတော့ မနေ့ညက လက်နက်ကြီးတွေနဲ့၊ လက်နက်ငယ်တွေနဲ့ ယမ်းပြီးတော့ပစ်တော့ အဲလိုအသံတွေကြားတော့ ဘယ်လိုမှ တောင့်ခံလို့မရတော့ဘူး အကုန်လုံးကြောက်ပြီးတော့ ထွက်ပြေးနေရတယ်” ဟု ပေါက်တူးတောင်ကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ယခုထွက်ပြေးလာသူများအထဲတွင် အမျိုးသမီး၊ ကလေးငယ်များပါဝင်ပြီး ကျောင်းသား၊ကျောင်းသူများလည်း ပါဝင်နေသည်။
“ကျောင်းထားဖို့ကတော့ မစီစဉ်ရသေးဘူး။ ကျွန်တော်တို့ နောက်ပညာရေးဆိုင်ရာ ဌာနတွေကို အသိပေးသွားမှာပါ။ အခက်အခဲကတော့ ရှိမယ်မထင်ပါဘူး။ ကမ်းထောင်းကြီးကျောင်းတွေကတော့ နေရာလပ်ပါတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသူ ကိုအောင်ဝင်းမြင့်က ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် မြို့ပေါ်ဒေသခံများက ထောက်ပံ့ပေးထားသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ် စစ်ဘေးရှောင် (၅)သောင်းကျော်အထိရှိလာကာ စားဝတ်နေရေး၊ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။
ဇူလိုင်လ ၁၉ ရက်နေ့က မြေပုံမြို့နယ်၊ ပေါက်တူးတောင်ကျေးရွာအနီးတွင် တပ်မတော် ရေတပ်သင်္ဘောနှစ်စီးအား ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲသည် မြေပုံမြို့နယ်တွင် ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်သည်။




