Photo – Arakan Army

ဖဒူ ထွန်းအောင် / DMG

ဇွန် ၂၊ စစ်တွေ

မင်းပြားမြို့နယ် ရွှေတမာကျေးရွာအနီးတွင် ယနေ့ ဇွန်လ ၂ ရက် နေ့လည် ၂ နာရီခန့်က စတင်ကာ တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ရွာသူ ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်။

ရွှေတမာကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လက်နက်ကြီး ကျည်များထိမှန်မည်ကို စိုးရိမ်၍ ရွာတောင်ကုန်းပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြရသည်။ ၎င်းတို့ ရွာသည် တောင်အောက်တွင်ရှိသောကြောင့် မိမိတို့အသက်အန္တရာယ် ကျရောက်မည်ကို စိုးရိမ်၍ တောင်ပေါ်ရှိ ဘုန်း တော်ကြီးကျောင်းသို့ တိမ်းရှောင်ရခြင်းဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက DMG ကိုပြောသည်။

“ကျနော့်ရွာအတွက် သိပ်စိုးရိမ်တယ်။ စိုးရိမ်တယ်ဆိုတာက ကျနော်တို့ရွာကို လက်နက်ကြီးတွေ ကျတယ်ဆိုရင် အိမ်တွေပြိုသွားမယ်။ ပြန်လို့ ဝင်လာရင် ကျနော်တို့ ရွာသားကို အနှောင့်အယှက်ပေးမှာကိုလည်း စိုးရိမ်တယ် ” ဟု ၎င်းက ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ဆိုသည်။

တိုက်ပွဲကြောင့် ကျေးရွာသူ၊ကျေးရွာသားများမှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိသော်လည်း ကျည်ဆန်များ ရွာပြင်ဘက်သို့ ကျလာသောကြောင့် စိုးရိမ်မှုများရှိနေကြသည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ညနေထမင်းစားဖို့လည်း တိုက်ပွဲတွေမပြီးသေးလို့ ဘာမှ အစီအစဉ်မရှိသေးဘူး။ အခု မုန့်ခြောက်တွေ စားနေရတယ်။ အခုလည်း ပစ်နေတုန်းပဲ။ လက်နက်ကြီးတွေနဲ့ပစ်နေတာ” ဟု ဦးကျော်သိန်းက ဆိုသည်။

ရွှေတမာကျေးရွာအနီးတွင် တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားနေခြင်းကို ရက္ခိုင့်တပ်တော်(AA)ဘက်က အတည်ပြုသည်။ သို့သော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးထံ ဆက်သွယ်ရာတွင် ဖုန်းကိုင်သူတစ်ဦးက “အဘမအားသေး” ဟုဆိုသောကြောင့် ဆက်သွယ်မေးမြန်းနိုင်ခဲ့ခြင်း မရှိပေ။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ရခိုင်ပြည်နယ်အတွင်း နေ့စဉ်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ ဒေသခံများမှာလည်း ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယခုကဲ့သို့ တိုက်ပွဲ ဖြစ်ပွား နေမှုများကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာကြရန်လည်း “ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” နိုင်ငံရေး စကားဝိုင်းတွင် ပါတီနှင့်နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်ခန့်က ယနေ့ ဇွန်လ ၂ ရက်နေ့တွင် တောင်းဆိုခဲ့ကြသည်။

Author: Admin