ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၃၀၊ မြေပုံ
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် စညှင်းကျေးရွာအနီးတွင် ယနေ့ နိုဝင်ဘာလ ၃၀ နံနက်ပိုင်းက စတင်ကာ တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့နံနက်ပိုင်းက မြေပုံမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းထက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က စစ်ကူအဖြစ် ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့ကြောင်း စညှင်းကျေးရွာသားတစ်ဦးက ပြောသည်။
“စညှင်းရွာနောက်ဘက်နဲ့ အရှေ့ဘက်တောင်တန်းတွေကို ရဟတ်ယာဉ် ၂ စီးနဲ့ ပစ်ခတ်နေတာ။ အဲဒီနေရာက ရန်ကုန်-စစ်တွေ ကားလမ်းမတစ်လျှောက်နေရာတွေပါ။ ချောင်းကောက်ဆိုတဲ့ လယ်ကွင်းနားက တောင်တန်းတွေ၊ ဟင်းခရော်ကျေးရွာနားက တောင်တန်းတွေကို မနက် ၉ နာရီကတချိန်၊ ၁၁ နာရီကျော်ကတစ်ချိန် လာပစ်နေတာ” ဟု လုံခြုံရေးအရအမည်မဖော်လိုသူ စညှင်းကျေးရွာသားတစ်ဦးက ပြောသည်။
ထိုသို့ တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ဒေသခံများမှာ ကြောက်လန့်ကာ လုံခြုံမည့်နေရာများတွင် ပုန်းအောင်းနေကြကြောင်း သိရသည်။
“စညှင်း၊ ညောင်ကန်၊ ဟင်းခရော်စတဲ့ကျေးရွာနားမှာ တိုက်ပွဲပြင်းထန်ပြီး ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေကကျနော့်ဆီကို သတင်းပေးပို့ထားတာရှိတယ်။ အသေးစိတ်ဖြစ်စဉ်ကိုတော့ မသိရသေးဘူး ” ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။
ယင်းတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။ တပ်မတော်အနေဖြင့် တိုက်ပွဲအတွင်း လိုအပ်ပါက ရဟတ်ယာဉ်အသုံးပြုသွားမည်ဖြစ်ကြောင်း ယခင်ကပြောဆိုထားသည်။




