ခိုင်ရိုးလ | DMG

ဇူလိုင် ၁၂၊ ကျောက်တော်

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်သည်ဟု ဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)(၂)တို့ဖြင့် တရားရင်ဆိုင်ခဲ့ရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာသားတစ်ဦးမှာ ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့က လွတ်မြောက်လာသည်။

ယခု လွတ်မြောက်လာသူမှာ မောင်ချမ်းအေးဆိုသူဖြစ်ပြီး ကျောက်တော်မြို့နယ် တရားရုံးမှ စွဲချက်တင်ရန် လုံလောက်သည့် သက်သေအထောက်ထားများ မတွေ့ရသဖြင့် စွဲချက်မတင်ပဲ တရားရှင်အဖြစ် လွှတ်လိုက်ခြင်းဟု သူ့အမှုကို လိုက်ပါဆောင်ရွက်နေသူ အထက်တန်းရှေ့နေ ဦးထွန်းလှက DMG ကိုပြောသည်။

“ တရားလို သက်သေတွေအားလုံးကို စစ်ဆေးပြီးတဲ့အခါ သူတှို့ကို စွဲချက်တင်သင့်၊ မတင်သင့်အဆင့်မှာ ကျောက်တော်မြို့နယ်တရားရုံးက မောင်ချမ်းအေးကို စွဲချက်မတင်ဘဲ တရားရှင်လွှတ်လိုက်တာပါ ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က မောင်ချမ်းအေးအပါအဝင် သရက်တပင်ကျေးရွာသားတစ်ဦးနှင့် မဟာမုနိကျေးရွာသား (၂) ဦးတို့ကို ကျောက်တော်မြို့မရဲစခန်းက ဖမ်းဆီးခဲ့ကာ ယင်းအထဲမှ (၂)ဦးမှာ မတ်လအတွင်းက လွတ်မြောက်သွားခဲ့ပြီးနောက် ယခု နောက်ထပ် သရက်တပင်ရွာသားတစ်ဦး ထပ်မံ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာ  မဟာမုနိကျေးရွာမှ အေးကျော်သန်းဆိုသူတစ်ဦးသာ ကျန်ခဲ့ပြီး ၄င်းသည် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် စွဲချက်တင်ခံထားရကြောင်း ရှေ့နေဦးထွန်းလှက ပြောသည်။

သူတို့ကို တပ်မတော်တပ်ရင်းတစ်ခုမှ ဗိုလ်ကြီးကောင်းမြတ်သူက တရားလိုအဖြစ် ပြုလုပ်ကာ ကျောက်တော်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Author: Admin