ကိုဗစ်ကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တရားမဝင် လာရောက်သူ ၁၁ ဦးအား ထောင်ဒဏ် ၆ လချမှတ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦးအား လူဝင်မှုကြီးကြပ်ရေးဥဒေပုဒ်မ ၁၃(၁)ဖြင့် မောင်တောမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း ယင်းမြို့နယ်တရားရုံးမှ သိရသည်။

By ကျော်မျိုးအောင် 03 Jul 2020

ကျော်မျိုးအောင် | DMG
ဇွန် ၃ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၁၁ ဦးအား လူဝင်မှုကြီးကြပ်ရေးဥဒေပုဒ်မ ၁၃(၁)ဖြင့် မောင်တောမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း ယင်းမြို့နယ်တရားရုံးမှ သိရသည်။

အဆိုပါ ၁၁ ဦးအနက် ၄ ဦးကို ဇူလိုင်လ ၂ ရက်နေ့တွင်လည်းကောင်း၊ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၇ ဦးကို ဇူလိုင် ၃ ရက်နေ့မှာလည်းကောင်း အသီးသီးချမှတ်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် အသက်မပြည့်သည့် ကလေးငယ် ၂ ဦးအား သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့ထံသို့ အပ်နှံလိုက်ကာ UEHRD အစီအစဉ်စာရင်းတွင်ပါဝင်သူ ၂ ဦးအား လွှတ်ပေးလိုက်ကြောင်း မောင်တောမြို့နယ် တရားရုံးမှ သိရသည်။

ကိုဗစ်ကာလအတွင်း နှစ်နိုင်ငံပြန်လည်လက်ခံရေးအစီအစဉ်များကို ပိတ်ပင်ထားသော်လည်း တရားမဝင် ဝင်ရောက်သူတို့မှာ လက်ရှိအချိန်ထိ လူ ၉၀ ခန့်အထိရှိကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ယင်းသို့ တရားမဝင် ဝင်ရောက်သူများအနက် ၁၉ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁) ဖြင့် လည်းကောင်း၊ ၁၀ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၅)ဖြင့်လည်းကောင်း အရေးယူဆောင်ရွက် ထားကာ ၎င်းတို့ထဲမှ ၁၁ ဦးကို ထောင်ဒဏ် ၆ လ ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် လူဝင်မှုကြီးကြပ်ရေးဥပဒတို့ဖြင့် အမှုဖွင့်ခံထားရသူ ၁၄ ဦးအား တရားစွဲတင်နိုင်ရန် ဆောင်ရွက် နေကြောင်းလည်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

မောင်တောခရိုင်သို့ တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများထဲတွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ ၉ ဦးအထိရှိခဲ့ရာ လက်ရှိအချိန်၌ ၃ ဦးမှာ ပြန်လည်ကောင်းမွန်၍ ဆေးရုံးမှ ဆင်းသက်ခွင့်ပြုထားပြီး တစ်ပတ် အသွားအလာကန့်သတ်ထားသည်။

ဗီဒီယိုများ