
ကျော်မျိုးအောင် | DMG
ဒီဇင်ဘာ ၁၁ ၊ မောင်တော
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သုံးမိုင်တံတားပြိုပျက်နေ၍ အမြန်ဆုံးပြုပြင်ရန် လိုအပ်နေကြောင်း ခရီးသွားပြည်သူများက ပြောဆိုသည်။
“ဒီတံတားက လုပ်တာ ၃ ခါလောက်လောက်ရှိနေပြီ။ အခုထိပြိုပျက်နေတုန်း။ သွားရလာရတာ အလွန်အန္တရာယ် များတယ်။ အခုလမ်းလွဲလုပ်ထားတာကလည်း မြေသားဆိုတော့ သွားရတာအဆင်မပြေဘူး။ ဒါကြောင့် တံတားကို အမြန်ဆုံးလုပ်ပေးဖို့တော့လိုပါတယ်” ဟု ယာဉ်မောင်း ကိုမောင်သန်းကဆိုသည်။
မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာပေါင်း ၁၀၀ ကျော်ကို ဆက်သွယ်သွားလာရန်အတွက် အဆိုပါ တံတားကို အားထားနေကြရသည်။
ယင်းသို့ အဓိကကျသည့် တံတားပျက်စီးနေခြင်းကြောင့် ယခုအပတ်အတွင်း အပြီးပြင်ဆင်ဆောက်လုပ်ရန် စီစဉ်နေကြောင်း လမ်းတံတားအထူးအဖွဲ(၄)မှ အင်ဂျင်နီယာ ဦးမောင်ဝင်းထံမှ သိရသည်။
“ကျနော်တို့ ဒီတံတားလုပ်တာ ၃ ခါရှိပြီ။ သစ်တန်ချိန် ၃၀ လောက်ကုန်သွားပြီ၊ တံတားမှာခင်းဖို့ သံပြားတွေက ဘူးသီးတောင်မှာဆေးသုတ်နေတယ်။ မနက်ဖြန်မဟုတ်ရင် တစ်ပတ်ခါပြုပြင်သွားမယ်” ဟု ၎င်းကဆက်၍ ပြောသည်။
ထို့အပြင် မောင်တောမြို့ပေါ်မှ ကြိမ်ချောင်းအထိ တံတားကြီး၊ တံတားငယ် ၆၇ စင်းကို ပြုပြင်တည်ဆောက်ရန် ရှိကြောင်းလည်း အဆိုပါလမ်းတံတားအထူးအဖွဲ့ထံမှ သိရသည်။




