ကျော်သူဌေး | DMG
နိုဝင်ဘာ ၂၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ကိုဗစ်(Covid-19) ပိုးတွေ့လူနာ မွတ်ဆလင် အမျိုးသားတစ်ဦး နိုဝင်ဘာလ ၁၉ရက်နေ့ညက ထပ်မံသေဆုံးသွားခဲ့ကြောင်း မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးတွင် နိုဝင်ဘာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ သေဆုံးသူများမှာ ယခု တစ်ဦးအပါအဝင် သုံးဦးရှိနေပြီဖြစ်ကာ နိုဝင်ဘာလ ၃ ရက်နေ့တွင် အသက် ၆၂ နှစ်အရွယ် မွတ်ဆလင် အမျိုးသားတစ်ဦးနှင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးသည်လည်းကောင်း သေဆုံးခဲ့ကြောင်း မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ယခုသေဆုံးသွားသူမှာ ဘူးသီးတောင်မြို့မှ အသက် ၄၀ အရွယ်ရှိ မွတ်ဆလင်အမျိုးသားတစ်ဦးဖြစ်ပြီး ဆီးချိုနှင့် အသဲခြောက်သည့်ရောဂါအခံ ရှိသူဖြစ်ကြောင်း မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောသည်။

အဆိုပါ သေဆုံးသူမှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေထိုင်မကောင်းသောကြောင့် မောင်တောခရိုင် ပြည်သူ့ ဆေးရုံသို့လာရောက်ပြသပြီးနောက် ပိုးတွေ့ရှိသဖြင့် ဆေးကုသမှုခံယူနေခြင်းဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၇ နာရီတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု မောင်တောခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောသည်။

“၁၈ ရက်နေ့ က ဆေးရုံလာပြပြီးတော့ ၁၉ ရက်နေ့ မနက်ပိုင်းမှာပိုးတွေ့တယ်။ ညနေပိုင်းမှာဆုံးပါတယ်။ သူ့မှာ အသဲခြောက်တဲ့ရောဂါက နောက်ဆုံးအဆင့်ရောက်နေပါပြီ” ဟု ဒေါက်တာနုကေသီစံက ပြောသည်။

၎င်းသေဆုံးသွားသူနှင့် အတူပါလာသည့် လူနာစောင့်တစ်ဦးအား သီးခြား(Quarantine)ထားရှိပြီး စောင့်ကြည့် နေကြောင်း ဒေါက်တာနုကေသီစံက ဆက်လက်ပြောသည်။

မောင်တောခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ပိုးတွေ့လူနာ စုစုပေါင်း ၃၇၅ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိကာ ရောဂါ ကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားသူ ၃၂၉ ဦးရှိသည်။

ယခုလက်ရှိတွင် မောင်တောခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ ၄၃ ဦးရှိပြီး ၄၃ ဦးအထဲမှ ရောဂါ လက္ခဏာ တစ်စုံတစ်ရာထူးခြားသဖြင့် အောက်ဆီဂျင်သွင်းထားရသူ ၂ ဦးရှိသည်ဟု ဒေါက်တာနုကေသီစံက ပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် Covid-19 ရောဂါဖြင့် သေဆုံးသူမှာ စစ်တွေပြည်သူ့ဆေးရုံတွင် ၇ ဦး၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံတွင် ၃ ဦး၊ မောင်တောခရိုင်ပြည်သူ့ဆေးရုံတွင် ၃ ဦး၊ ဘူးသီးတောင်မြို့နယ် ဆေးရုံတွင် ၁ ဦး၊ မြောက်ဦးပြည်သူ့ဆေးရုံတွင် ၂ ဦး၊ ကျောက်တော်မြို့နယ်ဆေးရုံတွင် ၇ ဦး၊ ပေါက်တော မြို့နယ်ဆေးရုံတွင် ၃ ဦးနှင့် မင်းပြားမြို့နယ်ဆေးရုံတွင် ၁ ဦး စုစုပေါင်း ၂၇ ဦးအထိ ရှိလာနေသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့ လူနာ ၃၃၀၆ ဦးရှိပြီး ၊ရောဂါကောင်းမွန်သွားသဖြင့် ဆေးရုံမှ ဆင်းခွင့်ရသူ ၃၀၁၁ ဦးမှာ ဆေးရုံမှ ဆင်းသွားကြပြီး၊ ယခုလက်ရှိ ဆေးရုံတွင် ကုသမှုခံယူနေသူ ၂၄၁ ဦးရှိသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ နိုဝင်ဘာလ ၂၀ ရက်နေ့ စာရင်းအရသိရသည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုမိုကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စသည်တို့ကို မပြုလုပ်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တိုက်တွန်းထားသည်။

Author: Admin