ကျော်သူဌေး|DMG
မတ် ၄ ၊ မောင်တော
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုကျေးရွာအနီးတွင် မသင်္ကာဖွယ်မွတ်ဆလင်နှစ်ဦးကို လက်နက် /ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ အသေဖမ်းဆီးရမိသည်ဟု တပ်မတော်က မတ်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မတ်လ ၃ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်ခန့်က တောင်ပြိုကျေးရွာ၏ အရှေ့တောင်ဘက် မီတာ (၆၀၀၀)ခန့် အကွာသို့အရောက်၌ မသင်္ကာဖွယ်မွတ်ဆလင်နှစ်ဦးကို တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးခံရန် သတိပေးပြောကြားခဲ့သည်။
သို့သော် ရပ်တန့်ခြင်းမရှိဘဲ အသင့်ပါလာသည့် လုပ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးရာ အလောင်းနှစ်လောင်းနှင့်အတူ လုပ်သေနတ်တစ်လက်၊ ၁၂ ဗို့ကျည် နှစ်တောင့်၊ ဒေသန္တရနင်းမိုင်းနှစ်လုံး၊ Panasonic ဓာတ်ခဲအိမ်လေးလုံး၊ ၀ိုင်ယာကြိုးများ၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား၂၉၅၀၀ ပြား၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေ ဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား သာယာကုန်းရဲကင်းစခန်းသို့ စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။




