မျိုးသီရိကျော် | DMG
မေ ၂၆ ၊ ပလက်ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ၊ မီးလက်ဝ(အောက်)ကျေးရွာတွင် ယနေ့(မေလ ၂၆ ရက်) ညနေ ၃ နာရီခန့်က နေအိမ်များ မီးလောင်ကျွမ်းလျက်ရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

သို့သော်လည်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို လတ်တလောမှာ မသိရှိရသေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က DMG သို့ ပြောသည်။

“မီးလောင်တာဟုတ်ပါတယ်။ ဘယ်သူတိုက်တာလဲ၊ လက်နက်ကြီးကျတာလား။ မီးရှို့တာလားဆိုတာကို မသိရသေးဘူး” ဟု ဝန်ကြီးဦးစိုးထက်က ပြောသည်။

အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးကတော့ ယခုမီးလောင်မှုမှာ ရှို့မီးဖြစ်ကြောင်း ပြောသည်။

“ပေါ့ဆမီးဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာမှာ လူတစ်ယောက်မှ မရှိဘူး။ တကယ်လို့ လူရှိတယ်ဆိုရင်တော့ ပေါ့ဆမီးလို့ ပြောလို့ရပါတယ်။ အခုက ရွာထဲကို စစ်သားတွေဝင်သွားပြီး (၁၅) မိနစ်လောက်မှာ မီးစလောင်တာပါ” ဟု ပြောသည်။

မီးလက်ဝ(အောက်)ကျေးရွာသည် ကုလားတန်မြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ရွာအတွင်းမီးလောင်နေသည်ကို ကျေးရွာသားများ မြင်တွေ့နေရကြောင်းလည်း ၎င်းကဆိုသည်။

၎င်းကျေးရွာသားများမှာ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားရာမှာ လေကြောင်းတိုက်ခိုက်မှုများရှိသဖြင့် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကြသည်။

လက်ရှိမှာ ကျေးရွာအတွင်း မီးလောင်နေသည်မှာ နေအိမ် ၅၀ ခန့်ရှိနိုင်ကြောင်း ကျေးရွာသားများက ခန့်မှန်းပြောဆိုကြသည်။

ယခုမီးလောင်နေသည့် မီးလက်ဝ(အောက်)ကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ခူမီးတိုင်းရင်းသားများ နေထိုင်ကြသည်။

ကျေးရွာသားများမှာ မိမိကျေးရွာမီးလောင်နေမှုအား ကြည့်ရှုရန် သွားရောက်ကြသော်လည်း တပ်မတော်သားများက ဟန့်တားမှုများရှိသဖြင့် အဝေးမှသာ ကြည့်နေရကြောင်း မီးလက်ဝ(အောက်)ကျေးရွာမှ ဦးတင်မောင်က ပြောသည်။

“နေအိမ်အခြေအနေကိုကြည့်ဖို့ စက်လှေနဲ့ ပလက်ဝတစ်ဖက်ကမ်းကနေ သွားကြတယ်။ ဒါပေမဲ့ စစ်သားတွေက သေနတ်နဲ့ပစ်တာကြောင့် ရွာကိုမရောက်ခဲ့ဘဲ ပြန်လှည့်လာခဲ့ရတယ်။ အခုတော့ အကုန်လုံးလိုလို ငိုနေကြတယ်”ဟု ၄င်းကဆိုသည်။

ယင်းသို့ မီးလက်ဝ(အောက်)ကျေးရွာ မီးလောင်နေသည့်ကိစ္စနှင့် ပတ်သက်ပြီး ရွာသားများကို DMG က ဆက်သွယ်မေးမြန်းနေသည့် (ညနေ ၄ နာရီကျော်)အချိန်အထိ ၎င်းကျေးရွာမှနေအိမ်များမှာ မီးဆက်လက် လောင်ကျွမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာ မီးရှို့ခံရမှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် ၂၀၀ ခန့် မီးလောင်ပျက်စီးသွားခဲ့သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်၏ သဘောထားကို သိရှိနိုင်ရန်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို DMG က ဆက်သွယ်ရန် ကြိုပမ်းနေဆဲဖြစ်သည်။

Author: Admin