ခိုင်ရိုးလ/ DMG
ဇွန် ၂၂၊ စစ်တွေ
ပုဏ္ဏားကျွန်းမြို့နယ် စမ်းမတီးချောင်း၊ ဘဲငါးရာတောင်အောက် ထုံးဗူးကျေးရွာမှ ဒေသခံတစ်ဦးမှာ ယနေ့ ဇွန်လ ၂၂ ရက် နံနက် (၁၀) နာရီ အချိန်ခန့်က မိုင်းထိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံးမှ တာဝန်ရှိသူများက ပြောသည်။
ထုံးဗူးကျေး ရွာသားနှစ်ဦးမှာ ယနေ့နံနက်ပိုင်းက ဥယာဉ်သို့သွားရာတွင် တစ်ဦးမိုင်းနင်းပြီး ခြေထောက်နှစ်ဘက်လုံး ပြတ်တောက်မည့် ဆိုးရွားစွာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံးဥက္ကဌ ဦးရွှေဘော်စိန်ထံမှ သိရသည်။
“ ဒီနေ့မနက် ဥယျာဉ်ခင်းကိုသွားတဲ့အခါ ဥယျာဉ်အဝင်လမ်း ချောင်းနားက တောလမ်းကိုရောက်တဲ့ အခါ မိုင်းနင်းမိတာပါ။ နှစ်ဦးမှာ တစ်ဦးထိတာပါ။ အခု လူနာကို သယ်ယူဖို့သွားနေတယ်လို့ သိရပါတယ်။ ခြေထောက်နှစ်ဖက်လုံးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ် ” ဟု ဦးရွှေဘော်စိန်က ပြောသည်။
မိုင်းထိသူမှာ ဦးထွန်းမောင် အသက်(၄၀) အဖ ဦးထွန်းသာစိန် ဖြစ်ပြီး လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ဆေးရုံတွင် ဆေးကုသနေကြောင်း ဦးရွှေဘော်စိန်ထံမှ သိရသည်။
ယင်း မိုင်းထိလူနာမှာ လက်ရှိတွင် ခြေထောက်တစ်ဘက်တွင် ဒဏ်ရာပြင်းထန်သည့်အတွက် ယိုးတရုပ်မှ စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း ယိုးတရုပ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးမှ DMG ကိုပြောသည်။




