ရခိုင်ပြည်နယ် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်

ဝင်းညွန့် | DMG

သြဂုတ် ၁၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နေရာတွင် အစားထိုး တာဝန်ပေးအပ်ရန်အတွက် ပြည်နယ်လွှတ်တော်မှ သြဂုတ်လ ၁၄ ရက်နေ့တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူထားသည်။

လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်(ကြည်း ၂၂၆၆၆)အစား ဗိုလ်မှူးကြီးမင်းသန်း(ကြည်း ၂၃၁၅၀)အား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် လွှတ်တော်မှထုတ်ပြန်ထားသည်။

ဗိုလ်မှူးကြီးဖုန်းတင့်ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့တွင်ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော် အစည်း အဝေးမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းနေရာတွင် ၂ နှစ်တာတာဝန်ထမ်းဆောင်ပြီးနောက် ယခုအပြောင်းအလဲဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်လုံ/နယ်ဝန်ကြီး အပြောင်းအလဲပြုလုပ်ခြင်းမှာ နိုင်ငံတကာမှ အာရုံစိုက်ခြင်းခံနေ ရသည့်အခြေအနေတွင် ကိုယ်တွယ်ဖြေရှင်းမှုအသစ်တစ်ခုကိုဖန်တီးလိုက်သည့်သဘောဖြစ်ကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားများ အထောက်အကူပြုကွန်ယက်မှ တာဝန်ခံ ဦးကျော်ထွီးက သုံးသပ်သည်။

“ပြောင်းလာတဲ့ဗိုလ်မှူးကြီးက ရခိုင်တွေရဲ့လူနေမှုဘဝနဲ့ အလေ့အထကိုနားလည်ပြီး စစ်ရေးနဲ့ နိုင်ငံသား အရေးကို ခွဲခြားသိမြင်ကိုင်တွယ်နိုင်သူ၊ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး အမြင်သဘောထား ပြည့်ဝသူဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ပဋိပက္ခတွေ၊ ပြဿနာတွေ၊ စစ်ရေးကိစ္စတွေမှာ တရားဥပဒေစိုးမိုးရေးအောက်ကနေ ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖြေရှင်းတာမျိုးပါ။ ဒီလိုအခြေအနေ ဖြစ်၊ မဖြစ်ဆိုတာကိုတော့ နိုင်ငံရေးအရလည်းစောင့်ကြည့်ရဦးမှာပါ”ဟု ၎င်းကပြောသည်။

ရခိုင်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သိန်းထွန်း(ကြည်း ၂၂၀၀၅)အစား ဗိုလ်မှူးကျော်မျိုးထက်(ကြည်း ၃၈၀၄၂)အား အစားထိုး ပြောင်းလဲ သွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်လွှတ်တော်မှထုတ်ပြန်သည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကိုအထောက်အကူပြုစေရန် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတစ်ဦးအနေဖြင့် လူထုနှင့်ပြေပြစ်အောင် ဆက်ဆံတတ်ရန်လိုပြီး လက်ရှိတာဝန်ယူထားသည့် ဗိုလ်မှူးကြီး ဖုန်းတင့်အနေဖြင့် လူထုဆက်ဆံရေးပိုင်းတွင် အားနည်းကြောင်း ဝံလက်ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုသည်။

“အခုပြောင်းလဲမယ့် ဗိုလ်မှူးကြီးဖုန်းတင့်ကျတော့ လူထုဆက်ဆံပိုင်းတွေမှာ အားနည်းတယ်လို့မြင်တယ်။ ဘာပဲ ပြောပြော ဝန်ကြီးတစ်ဦးအနည်းနဲ့တော့ လူထုနဲ့မဖြစ်မနေဆက်ဆံရတဲ့ အခြေအနေမျိုးမှာရှိတယ်ဆိုတော့ မူက မူ၊ စည်းကမ်းက စည်းကမ်းပေါ့။ ဒါပေမဲ့ ဆက်ဆံရေးမှာလည်း လူထုတွေနဲ့ ပြေပြစ်အောင်ဆက်ဆံတတ်တဲ့ဝန် ကြီးတွေဖြစ်မှ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းတဲ့ အထောက်အကူဖြစ်မယ်။ ရခိုင်လူထုတွေနဲ့ တင်းမာမှု ဖြစ်နေတယ်ဆိုရင် အဆင်မပြေဘူး” ဟု ဦးခိုင်ကောင်းစံက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး လက်ရှိအချိန်ထိ တပ်မတော်နှင့် ရက္ခိုင့် တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။

ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးစိုးတင့်နိုင်ကို စစ်ဆင်ရေးလိုအပ်ချက်အရဟုဆိုကာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ၎င်း၏နေရာတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်အား ပြောင်းလဲတာဝန်ပေးခဲ့သည်။

Author: Admin