ဉာဏ်ဟိန်း | DMG
ဒီဇင်ဘာ ၂ ၊ စစ်တွေ

ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မေတ္တာဝတီမျက်မမြင်သင်တန်းကျောင်းမှ အမြင်အာရုံ မသန်စွမ်းသူများ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြကြောင်း ကာယကံရှင်များက ပြောဆိုသည်။

မေတ္တာဝတီမျက်မမြင်သင်တန်းကျောင်းမှ အမြင်အာရုံမသန်စွမ်းများသည် ဂျပန်-မြန်မာနည်းပညာ အကြောပြင် အနှိပ်ခန်းအလုပ်ကို လုပ်ကိုင်နေကြရာ ကိုဗစ်ကာလအတွင်း ဧည့်သည်များမရောက်ရှိသဖြင့် အခက်အခဲ ကြုံနေရကြောင်း အမြင်အာရုံမသန်စွမ်းသူ ကိုစိုးနိုင်က DMG သို့ပြောသည်။

“အခုလို ကိုဗစ်ကာလမှာ ကိုယ်အင်္ဂါပြည့်စုံတဲ့သူတွေတောင် စားဝတ်နေရေးက အခက်အခဲကြုံနေရတာ။ ကျွန်တော်တို့က မျက်မမြင်တွေဆိုတော့ ပိုပြီးတော့ဆိုးဝါးတာပေါ့၊ကိုဗစ်ကာလမဖြစ်ခင်တော့ အကြောပြင်နှိပ်တာ တစ်ရက်ကို ၅ သောင်းလောက်ရတယ်။ အခုကကိုဗစ်ကာလဆိုတော့ တစ်ရက်နေလို့ လူတစ်ယောက်မှ မရောက်ဘူး” ဟု ၎င်းကရှင်းပြသည်။

စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက် ကမ်းနားလမ်းရှိ ဗျူးပွိုင့်တည်းခိုရိပ်သာ၏ လမ်းသွယ်၌ ဖွင့်လှစ်ထားသော မျက်မမြင်အနှိပ်ခန်းတွင် ဧည့်သည်တစ်ဦးကို ၁ နာရီလျှင် ၅ ထောင်ကျပ်နှုန်းဖြင့် အမြင်အာရုံမသန်စွမ်းသူတို့က ဂျပန်-မြန်မာ အကြောပြင်နည်းပညာဖြင့် နှိပ်ပေးကြသည်။

“ကျွန်တော်တို့ လူတစ်ဦးကို ၅ ထောင်နှုန်းနဲ့နှိပ်ပေးတယ်။ ရတဲ့ထဲက ၃ ထောင်ကို မေတ္တာဝတီကျောင်းမှာ လှူတယ်။ ကိုဗစ်ဖြစ်ကတည်းက လူတစ်ယောက်မှမရောက်တော့ တော်တော်အခက်အခဲကြုံရတာပေါ့” ဟု အမြင်အာရုံမသန်စွမ်းသူ ကိုသန်းရွှေက ဆိုသည်။

လက်ရှိအချိန်၌ မသန်စွမ်းများအား ပညာသင်ကြားပေးသည့် မေတ္တာဝတီမျက်မမြင်သင်တန်းကျောင်း ဥက္ကဋ္ဌ ဦးဦးရွှေသာက အကြောပြင်အနှိပ်ဆရာ ၈ ဦး၏ စားဝတ်နေရေးအတွက် တာဝန်ယူဖြေရှင်းပေးထားကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၂ ဒသမ ၃ သန်းမှာ မသန်စွမ်းသူများဖြစ်ကြပြီး ရခိုင်ပြည်နယ်တွင် မသန်စွမ်းသူဦးရေ ၁ သိန်း ၁ သောင်း ၁ ထောင်ကျော်ရှိကြောင်း သိရသည်။

Author: Admin