ဇော်ဇော်| DMG

ဇူလိုင် ၆၊ စစ်တွေ

ရသေ့မြို့နယ်၊ အမျက်တောင်ကျေးရွာအား ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီကျော် အချိန်တွင် မြန်မာ့တပ်မတော်၊ တပ်မ ၂၂ လက်အောက်ခံ စစ်ကြောင်းတစ်ခုက မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အမျက်တောင်ကျေးရွာတွင် နေအိမ် ၁၈၇ လုံးခန့် ရှိရာ မီးလောင်ပျက်စီးသွားသည့် နေအိမ်များမှာ ၁၀ လုံးခန့် ရှိသည်ဟု အဆိုပါ ကျေးရွာမှ အမည်မဖော်လိုသူ ရွာသားတစ်ဦးက DMG ကိုပြောသည်။

“သူတို့တွေ (တပ်မတော်) ရွာထဲကို ဝင်လာတော့ လူတွေက ဘုန်းကြီးကျာင်းမှာ အားလုံးရောက်နေကြတယ်။ ဘုန်းကြီးကျောင်းက တောင်ဘက်မှာဆိုတော့ အခု မီးရှို့သွာတာက မြောက်ဘက်အပိုင်းပါ။ မီးလောင်သွားတာကတော့ နေအိမ်ဆယ်လုံးပါ” ဟု ၄င်းကဆိုသည်။

အဆိုပါကျေးရွာတွင် သက်ကြီးရွယ်အိုများနှင့် ယောက်ျားအနည်းငယ်သာ ကျန်ရှိခဲ့ပြီး အမျိုးသမီးများနှင့် ကလေးငယ်များမှာ နီးစပ်ရာကျေးရွာများသို့ ဇူလိုင် ၄ ရက်နေ့ ညနေကတည်းက ရှောင်တိမ်းနေကြသည်ဟု င/စံဘော် ကျေးရွာသို့ တိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဟုတ်ပါတယ်၊ မီးရှို့ခဲ့တာတော့ မြင်ရပါတယ်၊ အိမ်ခြေ ဘယ်လောက်ပါသွားလဲတော့ မသိပါ။ မနေ့က ကတည်းက သူတို့(တပ်မတော်)က ကျောက်ပြင်ဆိပ်ကို ရောက်နေတယ်ကြားတော့ ကြောက်ပြီးတော့ ထွက်ပြေးလာကြတာ” ဟု ၄င်းက ဆိုသည်။

ထိုသို့ အမျက်တောင်ကျေးရွာအား မီးရှို့ခဲ့သည်ဆိုသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းအချိန်တွင်DMG က ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ တစ်စုံတရာ မသိရှိရသေးဟု အကြောင်းပြန်ခဲ့သည်။

Author: Admin